ငယ်စဉ်က စိတ်ထဲသိပ်စွဲတဲ့စကားတခွန်းရှိခဲ့ဖူးပါတယ်။
စိတ်ဓါတ်ခိုင်ကြည်သူဟာ နေရဲ့ရင်ခေါင်းကိုတောင်ခွဲနိုင်တယ် ဆိုတဲ့ ဦးလေးတဦးရဲ့ အမှာစကားပါ။
တနေ့က အမလိုခင်မင်လေးစားရတဲ့သူငယ်ချင်းတယောက်က ဂျပန်စာလယ်ဘယ်၁ဖြေမယ်ဆိုလို့
ကိုယ့်ရဲ့မှတ်စုဖတ်စာအုပ်တွေနဲ့စီဒီတွေသွားပေးခဲ့ပါတယ်။ အရွယ်အနည်းငယ်ရနေတာမို့ ပညာရေးနှင့်
ပတ်သက်လျှင် နည်းနည်းလျှော့ချင်တဲ့စိတ်ဆိုတာထက်၊ လုပ်ပြီးဖြစ်မလာလျှင်ဆိုတဲ့ မာနမျိုး
ရှက်တဲ့စိတ်မျိုးရှိတာမို့ စကားကိုခပ်လျော့လျော့ပြောတာတွေ့ရပါတယ်။ အဲလိုနှင့် ကိုယ်က ဖေမြင့်ရဲ့
မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား ဆိုတဲ့ စာအုပ်လေးပါ ခဏပေးဖတ်ဖို့ ယူသွားပါတယ်။
အမဖတ်ကြည့်ပါလို့။ ဖြေကြည့်မယ် ဆိုတာထက် ရအောင်ဖြေမယ်ဆိုတဲ့စိတ်မျိုးနဲ့ ဖြေပါ လို့ အကြံပေးခဲ့ပါတယ်။ ဒါဆိုသေချာတယ် အမလုပ်နိုင်သွားမှာလို့။ တခုခုလုပ်မယ်ဟေ့လို့ ဆုံးဖြတ်ချက်ချပြီးသွားရင် ဘာအခက်ခဲတွေတောင်လိုပုံပါစေ မလျှော့တမ်း ခေါင်းမာပြီး ရှေ့ဆက်တတ်တဲ့စရိုက်ရှိသူမို့ အဲဒီ စာအုပ်လေးကို ဘယ်လောက်ကြိုက်သလည်းဆိုလျှင်
ဘ၀မှာ တခုခုအဆင်မပြေတာ ရှေ့ဆက်ရခက်တာမျိုးကြုံလာတိုင်း
အဲဒီစာအုပ်ပြန်ဖတ်ပြီးအားမွေးတတ်ပါတယ်။ ထပ်ခါထပ်ခါကို ဖတ်တာပါ။
ရိုးသားစွာဝန်ခံရလျှင် မိမိကဆုံးဖြတ်ပြီးစတင်အကောင်ထည်ဖော်နေတဲ့အရာကို ဖြစ်နိုင်ခြေမရှိဘူး
လို့ အပြောခံရတာကို အခါးသီးဆုံးပါ။
‘‘ပြင်းပြတဲ့ဆန္ဒ၊ ခိုင်ကြည်တဲ့စိတ်ဓါတ်နဲ့ကြိုးစားပါ။
ရှုံးနိမ့်ရင်လည်း အဲဒီအရှုံးဟာ သင်ခန်းစာမို့ အဲဒါအမြတ်ပဲ
ဘာမှမလုပ်ပဲထိုင်နေတာထက် ရှုံးလိုက်ရတာ မြတ်တယ်’’
ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းအတန်ကြာက အဝေးတနေရာကနေ ကိုယ့်ဦးလေး ကိုယ့်ဆီ စာထဲမှာ ထည့်ရေးပေးတဲ့ စကားလေးပါ။
အဲလိုစိတ်မျိုးမွေးတာမို့ တခါတလေ ရာခိုင်နှုန်းအများစု ဖြစ်နိုင်ခြေမရှိဘူးဆိုတာမျိုးကိုသိလျှက် လုပ်တဲ့
အလုပ်မျိုးတွေမှာ အရှုံးကို ကျေနပ်စွာလက်ခံဖို့ အသင့်ရှိနေတတ်ပါတယ်။ နောက်တလမ်းအတွက်
သွေးအေးတည်ငြိမ်စွာဖြင့် အဆင်သင့်ကြိုတင်ပြင်ဆင်တတ်လာပါတယ်။
လူ့လောကကြီးဆိုတာ ဘေးကထိုင်ကြည့်နေသူ ကိုယ်တိုင်ကဘာမျှမလုပ်သူက ပိုပြောလေ့ရှိပါတယ်။
မဖြစ်နိုင်တာကြီးကို ဆိုတာမျိုးပေါ့။ သို့ငြား လူဆိုတာ မယုံကြည်နိုင်လောက်အောင်သိပ်ကိုစွမ်းတဲ့
သတ္တ၀ါပါပဲ။ ခေတ်အဆက်ဆက် မဖြစ်နိုင်ဘူး ဆိုတာမျိုးတွေ အများကြီးကို လူတွေပဲလုပ်ခဲ့တာမို့ပါ။
လပေါ်သွားမယ်ဆိုတဲ့ကိစ္စဟာ ဟိုးအတိတ်မှာသာဆိုရင် တကယ်ကိုဝါးလုံးကွဲရယ်ခံရမယ့်ပြက်လုံးတပုဒ်
ဖြစ်ခဲ့မှာသေချာပါတယ်။ ကမ္ဘာပေါ်ကမိုင်ပေါင်းထောင်သောင်းများစွာဝေးကွာတဲ့နေရာကိုတောင် လူတွေ
ရောက်အောင်သွားနိုင်ခဲ့ကြသေးတာ မိမိအခုလုပ်နေတာဟာ၊ယှဉ်ကြည့်ရင်ဘာမှမဟုတ်တဲ့ သေးမွှားတဲ့
အရာလေးတခုပဲဖြစ်ပါတယ်။
ဒါကြောင့်တခုခုကိုလိုချင်တယ် လုပ်မယ်လို့ စတင်ရည်မှန်းမယ်ဆိုလျှင် တခုပဲလိုအပ်ပါတယ်။
အဲဒါဟာ ခိုင်မာသော ပြင်းပြသော စိတ်ဆန္ဒပါပဲ။
အရာအားလုံးဟာ အဲဒီကနေစတင်ပါတယ်။
ပြင်းထန်သောစိတ်ဆန္ဒရဲ့နောက်မှာ ကြိုးစားအားထုတ်ခြင်းနှင့်
ရည်မှန်းချက်ပြီးမြောက်ဖို့ လမ်းစကိုရှာဖွေခြင်း စတာတွေ အလိုလိုဖြစ်ထွန်းလိုက်ပါလာလေ့ ရှိပါတယ်။
တခုခုကိုစတင်ရည်မှန်းသောအခါ စိတ်နှလုံးထဲကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတခုဟာလည်း
လောကမှာ အရှုံးနဲ့အောင်မြင်မှုဟာ အမြဲတမ်းကျောကပ်လို့ယှဉ်တွဲနေတယ်ဆိုခြင်းပါ။
ရည်မှန်းချက်တခုကိုစတင်လိုက်တာနဲ့ မဖြစ်လာတဲ့အခါဆိုတာကိုပါ လက်ခံနိုင်ဖို့ တခါတည်းတွေးပြီး
မျှော်လင့်ပြင်ဆင်ထားဖို့ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ တခုပဲမမေ့စေလိုပါ။
ရှုးနိမ့်ခြင်းဟာ အရှုံးဖြင့် ပြီးဆုံးသွားခြင်း မဟုတ်တာကိုပါ။
ရှုံးနိမ့်ခြင်းဟာ သင်လောလောဆယ်ခေတ္တမအောင်မြင်သေးဘူး
ဆိုသောအခြင်းရာမျှသာဖြစ်ပါတယ်။
ဒါကြောင့် ၇နှစ်ခါလဲလျှင် ၈ခါထမယ်ဆိုတဲ့ဇွဲမျိုး ဟာ ဆန္ဒပြင်းထန်ခြင်းရဲ့နောက်မှာ တွဲပါနေတတ်တာမျိုးပါ။
တနည်းနဲ့မအောင်မြင်လျှင် တခြားနည်းလမ်းကို ရှာဖွေရပါမယ်။ အဲဒီမှာညွှန်းချင်တာက ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာစုထဲက ဖခင်က သမီးဖြစ်သူကို ဘုရားရှိခိုးကျောင်းလေးရဲ့အပေါ်ကို ခေါ်သွားပြီး မြို့ရဲ့အပေါ်စီးမြင်ကွင်းကို ကြည့်စေပါတယ်။
ပြီးတော့သမီးဖြစ်သူကိုရှာခိုင်းပါတယ်။ မြို့လယ်ခေါင်ကိုသွားတဲ့လမ်းကိုတွေ့သလားတဲ့။
တလမ်းထဲရှိတာမဟုတ်တာတွေ့သလားတဲ့။ ဒီလိုပဲ လူ့လောကမှာလည်း ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို
အရောက်သွားဖို့ဆိုတာ တလမ်းထဲရှိတာမဟုတ်ဘူးတဲ့။ တလမ်းဟာပိတ်ဆို့နေလျှင်၊ ကိုယ်တို့တွေ
လှည့်ပြန်ကြမလား၊ အဲဒီနေရာမှာတင်ပဲ လက်လျှော့ခြင်းဖြင့် အရှုံးကိုပဲ ထွေးပိုက်ကြမလား၊
သို့မဟုတ် နောက်တလမ်းရှာကြမလား ဒါဟာ သင့်ပေါ်ပဲမူတည်တာပါ။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ
ပညာသင် သို့ မိဘနှင့်ခွဲခွာပြီး အလုပ်လုပ် သို့ ပညာစည်းပူးနေကြသူ လူငယ်အများစုဟာ တခါတလေ
ရှေ့တိုးနောက်ဆုတ်ခက်တဲ့ အခက်ခဲတွေ အများဆုံးကြုံလေ့ရှိတာမို့ပါ။
နောက်မမေ့နိုင်တဲ့ စာစုလေးတစ်ခုကတော့ အောင်မြင်သူဆိုတာ ဘယ့်သူထက်မဆိုရှုံးနိမ့်ဖူးသော
အတွေ့ကြုံရှိသူပါတဲ့။ ဆိုလိုတာက ရှုံးနိမ့်လည်းလက်မလျှော့စတမ်း ထပ်ခါထပ်ခါလုပ်သူမို့ အရှုံးကို
များများကျော်ဖြတ်ဖူးခြင်းပါ။
စာအုပ်ဖတ်ခြင်းကို ၀ါသနာသန်သူမို့ အာလာပစကားသိပ်ဖောင်မဖွဲ့တတ်တဲ့ ကိုယ့်ရဲ့သွေးကြောထဲမှာ အဲသည်လို စိတ်ဓါတ်မြှင့်တင်ရေးအတွေးခေါ်တွေအတော်များများ လည်ပတ်စီးဆင်းနေပါတယ်။
အထူးသဖြင့် အားလုံးကိုညွှန်းချင်တာက ဆရာဖေမြင့်ဘာသာပြန်ထားသော မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား နှင့် နှလုံးသားအာဟာရများကို ဖတ်ဖြစ်အောင်ဖတ်စေချင်ပါတယ်။
နောက်ဆုံးအနေဖြင့် သင်လုပ်ကြည့်စေချင်ပါတယ်။
မှတ်စုလေးတရွက်ပေါ်မှာ ချရေးကြည့်ပါ။ (if, if not)ဆိုတာမျိုးနဲ့ပါ။
နှစ်အလိုက် နံပါတတ်စဉ်တပ်ပြီး သင်လုပ်ချင်တဲ့ ရည်မှန်းတဲ့အရာတွေ။ အကောင်ထည်ဖော်ချင်တာတွေ။
ပြီးရင် ဖြစ်နိုင်ချေ၊ တွဲလုပ်နိုင်မလုပ်နိုင်ကို စဉ်းစားပြီး နှစ်အလိုက် ဟိုရွှေ့ဒီရွှေ့ချိန်ညှိပေးပါ။
ကိုယ်တွေ့ ဥပမာလေးဆိုရရင်
(ကိုယ်က ၁နှစ်၁ခါတော့ အနည်းဆုံး အဲလို နုတ်စ်ပလန်လေးရေးလေ့ရှိပါတယ်။)
လွန်ခဲ့တဲ့နှစ်အတော်များများက တက္ကသိုလ်နောက်ဆုံးနှစ်မှာပေါ့
ဖြစ်ချင်တာတွေတန်းစီရေးပါတယ်။
ဖြစ်ချင်သောရည်မှန်းချက်များ
၂၀၀၄ခုနှစ် - နောက်ဆုံးနှစ် ဂုဏ်ထူးတန်း တက်နိုင်အောင် ခရက်ဒစ်ထွက်အောင် ကြိုးစားရန်
၂၀၀၅ခုနှစ် -၁။ နှစ်စမှစတင်ပြီး ဂျပန်စာလယ်ဘယ်၂ စကျောင်းတက်ပြီး ဒီဇင်ဘာစာမေးပွဲအောင်ရန်
- (အဲဒီနောက် ဘယ်ကျူရှင် ဘာကို့စ် စတာတွေ သတ်မှတ်ပါတယ်။ ချရေးပါတယ်)
- -၂။UFLတွင် ဂျပန်စာဒီပလိုမာ သို့ အင်္ဂလိပ်စာ ဒီပလိုမာ ၀င်ခွင့်ဖြေရန်
- - (၀င်ခွင့်စာမေးပွဲကျူရှင်စုံစမ်းရန် တက်ရန်)
- -၃။တိုးဂိုဒ်သင်တန်းဝင်ခွင့်ဖြေရန်။ သင်တန်းတက်ရန်
- -
အတော်များပါတယ်။ မမှတ်မိတော့ပါဘူး။
အဲလိုနဲ့ကိုယ်ရည်ရွယ်တဲ့အတိုင်းဖြစ်လာခဲ့တာက ၂၀၀၅ခုနှစ်ရဲ့ နံပါတ်၁ကအပြည့်အောင်မြင်ပါတယ်။
နံပါတ်၃က ၀င်ခွင့်အောင်ခဲ့ပါတယ် အပတ်စဉ် ၃၄ပါ။ သို့ငြား ၂၀၀၆ခုနှစ်မှာ ဂျပန်ကျောင်းသွားတက်ဖို့ အစီစဉ်ဖြစ်သွားတာမို့ မတက်လိုက်ဖြစ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းအတော်များများက ဂိုဒ်တွေ
များပါတယ်။
၂၀၀၄ခုနှစ်ရဲ့ရည်ရွယ်ချက်ကတော့ဖခင်ရဲ့ပြင်းထန်သောတိုက်တွန်းမှုပါ။ တရားသူကြီးဖြစ်စေချင်တဲ့
ဖခင် ရဲ့ဆန္ဒကို ၀ါသနာမပါတဲ့ကိုယ်ကအကြိမ်ကြိမ်ငြင်းဆန်ပြီးမှ အဆုံးမှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်
ဖြစ်တာတကြောင်း ပြင်းပြတဲ့ဆန္ဒမရှိတာမို့ အခြားအရာတွေလည်းလျော့ပါးခဲ့ပုံဖြင့် ဖြစ်မလာခဲ့ပါ။
ဒါဟာ ဥပမာလေးပါ။
ကိုယ်ကတော့ အရှုံးကို မကြောက်ပါ။ အရှုံးကိုလက်ခံကျော်ဖြတ်ခြင်းဖြင့် အောင်မြင်မှုဟာ
မိမိကို စောင့်ကြိုနေတယ် လို့ ယုံကြည်နေသူမို့ပါ။
အားလုံးပဲ ဆန္ဒနှင့်ဘ၀ တထပ်တည်း ဖြစ်နိုင်ကြပါစေ