Wednesday, April 14, 2010

အရောင်သွေးစုံလင်သော Google

Word, Excel, Outlook, Web Site တို့ကိုပါ ဖန်တီး၊ အသုံးပြုလာနိုင်သည့် Google

တရက်က စကာင်္ပူတွင်ရှိသော ညီမ၀မ်းကွဲလေးနှင့် အွန်လိုင်းမှာတွေ့ကြသည်။
အာလာပ၊သလာပ စကားဆိုရင်း မီးက အင်တာဗျူးဝင်ဖို့ အလုပ်မှာသုံးတဲ့ Excel ကျင့်မလို့။
မေ့ကုန်ပြီ မ သင်ပေးလို့ရလားလို့ဆိုလာတော့ ကဲ အင်တာဗျူးလေးအဆင်ပြေသွားဖို့
လျှပ်တပြက် ပွိုင့်လေးတွေ ပြောပြဖို့လုပ်တဲ့အခါ တဖက်မှာ Excel softwareရှိလား
ဖွင့်လိုက်ဆိုတော့မရှိဘူးတဲ့။ အယ် မရှိရင်ဖွင့်မရ၊ ဖွင့်မရတော့ကိုယ်ဘယ်လိုသင်ရပါ့။

အဲလိုနဲ့Wordအစား ခဏခဏသုံးဖူးတဲ့၊ Google Document ထဲ ၀င်ကြည့်တော့
တော်ပါသေးရဲ့ သွားတွေ့တယ်။ Microsoftရဲ့Excel function တွေနဲ့တော့ နည်းနည်းကွဲပေမဲ့
အွန်လိုင်းသုံး ဆော့ဖ်ဝဲလ်တခုအနေဖြင့် မိမိဘာသာ ဒေတာတွေရေးမယ်၊ ပြုလုပ်မယ်၊
သိမ်းဆည်းမည်ဆိုလျှင် အလွန်အဆင်ပြေကြောင်းပါ။

အရင်ကဆို အီးမေးလ်ထဲဝင်ဝင်သိမ်းပေမဲ့ filing system အရကြည့်လျှင်
label ကို အသုံးပြုကာ သိမ်းသော်လည်း အနည်းငယ် ရှုပ်ထွေးပါတယ်။

သုံးနည်းကတော့ Gmail ထဲအရင်ဝင်လိုက်ပြီး မေးလ်ပွင့်လာရင်
ဘယ်ဘက် အပေါ်ဆုံးထောင့်မှာ တန်းစီရေးထားတဲ့

Gmail Calendar Documents Web Reader more
ဆိုတာရှိပါတယ်။ အဲဒီ့ထဲက Documents ကို နှိပ်လိုက်ရင် ပွင့်လာပါမယ်။
အဲဒီပွင့်လာတဲ့စာမျက်နှာထဲမှာမှ
New ကိုနှိပ်ရင် စတင် အသစ်ကို ဖန်တီးပြုလုပ်မယ်ဆိုတဲ့သဘောပါ။
Document (Wordလိုမျိုးပါ)
Presentation (Power Point လိုမျိုးပါ)
Spread Sheet (Excelလို ဇယားနဲ့စာရင်းတွက်ချက်မှုတွေ)
Form (Formပုံစံတွေ)
from template စတာတွေထဲက ကြိုက်နှစ်သက်ရာကိုအသုံးပြုရုံပါပဲ။

Googleရဲ့ ဖန်ရှင်အတော်များများဟာ လူအတော်များများသိပြီးသားဖြစ်မှာပါ။
ဒီလိုရေးလိုက်တဲ့ ပို့စ်တိုင်းဟာ သိသူတွေအတွက်မရည်ရွယ်ပါဘူး။
မသိသူ နှင့် စတင်တတ်ခါစသူများအတွက်သာရည်ရွယ်ကြောင်းပါ။

အဲလို ရေးသားမှုမျိုးတွေသာ မရှိခဲ့ရင် ယခုခေတ်သင်နေသော က ခ ကစလို့
မြန်မာစာပေမျိုးတောင် သင်ယူနိုင်စရာ၊ တတ်မြောက်လာနိုင်စရာ အကြောင်းမရှိဘူးလို့
ယူဆမိပါကြောင်း။

ယခုရက်ပိုင်းနည်းနည်းအားတော့ ဂျပန်စာဝေါဟာရတွေပြန်ရေးနေပါတယ်။
ယခင်က Microsoft Excel ထဲ ရိုက်ပြီးသိမ်းဆည်းထားတဲ့ဂျပန်လိုစာလုံးတွေဇယားလိုက်ကို
Google Siteထဲ ဇယား(Table)ပြုလုပ်ပြီး၊ အဲသည့်ဇယားထဲ Excelမှ ဇယားလိုက်ကူးယူထည့်တဲ့အခါ
Google Siteထဲ ဇယား(Table)မှာ ဇယားလိုက် အကွက်လိုက်ခြားပြီးမ၀င်ပဲ
တကွက်ထဲမှာ ဇယားတခုလုံးဝင်သွားတာမို့ တခုချင်းကို တကွက်ချင်းဆီ ပြန်ဖြတ်ကူးထည့်ရတာ
အတော်ပဲပင်ပမ်းခဲ့တာမို့ အချိန်ကုန်ပြီး အလုပ်လည်းသိပ်မတွင်ခဲ့ပါဘူး။

ခုတော့ Google Siteကို သုံးပြီး အဲဒီ့ထဲက Inser ကိုနှိပ်တဲ့အခါ အပေါ်မှာဖော်ပြထားသလိုပဲ

Document (Wordလိုမျိုးပါ)
Presentation (Power Point လိုမျိုးပါ)
Spread Sheet (Excelလို ဇယားနဲ့စာရင်းတွက်ချက်မှုတွေ)
Form (Formပုံစံတွေ)
from template စတာတွေထဲက ကြိုက်နှစ်သက်ရာကို
ဖိုင်လိုက် ထည့်သွင်းလို့ရတာမို့
ဦးဆုံး Spread Sheet (Excel)မှာ အားလုံးအပြီးစီးသွားရိုက်ပြီး သွင်းလိုက်ရင်ရသွားမှာမို့
အဲလိုအပြီးသတ်ဖို့ လုပ်နေကြောင်း မြန်မာလိုပြန်နေကြောင်းပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ။

Sunday, April 11, 2010

ဂျပန်မှာလိပ်စာပြောင်းလျှင်

၁။ နိုင်ငံခြားသားကဒ်တွင်လိပ်စာသစ် စာရင်းသွင်းခြင်း
ဂျပန်မှာအိမ်ပြောင်းတဲ့အခါ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကိုင်ဆောင်ထားသူ
နိုင်ငံခြားသားတိုင်းဟာ ယကုရှော့yakusho役所လို့ခေါ်တဲ့ မြို့နယ်ရုံးမှာ
လိပ်စာသွားပြောင်းရပါတယ်။ ကဒ်ပြားနောက်မှာ လိပ်စာသစ်စာရင်းထပ်မံ
ရေးဖြည့်ပြီး သူတို့ဆီမှာ မှတ်တမ်းယူထားလိုက်တဲ့သဘောပါပဲ။

၂။စာတိုက်သို့ လိပ်စာပြောင်းခြင်းအား အကြောင်းကြားခြင်း
လိပ်စာပြောင်းတဲ့အခါ အခက်ခဲအများဆုံးကြုံခဲ့ဖူးတာကတော့ စာအဆက်သွယ်ပါပဲ။
ယခုခေတ် ဖုံးတွေခေတ်စားလာပြီး အင်တာနက်သုံးရ အင်မတန်လွယ်လာသောခေတ်မို့
ဖုံးအခွန်စာရွက်လိုမျိုးကို ဖုံးကနေပဲ အင်တာနက်သုံးပြီး လိပ်စာအလွယ်တကူပြောင်းလို့
ရပါတယ်။ အခြား သက်ဆိုင်ရာ၊ပတ်သက်ဆက်နွယ်မှုရှိသော ကျောင်း၊ရုံး စတဲ့နေရာတွေ
ကိုလည်း မိမိက လိပ်စာသစ်ကို အကြောင်းကြားအသိပေးရုံမို့ ခက်တဲ့ကိစ္စတော့
မဟုတ်ပါဘူး။

သို့ငြားအခက်ကြုံရတာကတော့ အိမ်ပြောင်းခါစ တစ်ပတ်နှစ်ပါတ် ဆိုတဲ့အတောတွင်းမှာ
အရေးကြီးတဲ့ စာမျိုးက မိမိဆီရောက်ရှိလာမည့် လမ်းခုလတ်လိုအခြေနေမျိုးမှာဆိုရင်တော့
အခက်တွေ့ရတတ်ပါတယ်။ အထူးသဖြင့် အချိန်ရှား၊အလုပ်များ၊ရထားခဈေးကြီးတဲ့ဂျပန်လို
နေရာမျိုးမှာ အရင်နေခဲ့တဲ့အိမ်ကို ခဏခဏသွားယူဖို့ဟာလည်းပင်ပမ်းပါတယ်။

အဲလိုအခါမျိုးမှာ စာတိုက်ကို မိမိအိမ်ပြောင်းတာနှင့်တပြိုင်နက် မိမိအမည်ဖြင့်လာသော
စာများကို အိမ်လိပ်စာအသစ်သို့ပြောင်းလဲပေးပို့ပေးရန် အကြောင်းကြားလျှောက်လွှာတင်
လို့ ရပါတယ်။


အထက်ပါ လျှောက်လွှာဖောင်လေးတွေကို
စာတိုက်မှာ ထားပေးထားတာမို့ စာတိုက်မှာတိုက်ရိုက်ယူ ရေးဖြည့်တင်လို့ရသလို
အင်တာနက်မှတဆင့်လည်း သွားရောက်ဖြည့်သွင်းလျှောက်ထားလို့ရပါတယ်။

(ထပ်မံဖြည့်စွက်ချက်)
၃။ အိမ်ပြောင်းရွှေ့သောအခါ ပစ္စည်းရွှေ့ပြောင်းသယ်ယူခြင်း
အိမ်ပြောင်းတဲ့အခါ ဂျပန်ကိုရောက်စ အထုပ်ပိုးနည်းပါးလျှင်၊ ခရီးဆောင်သေတ္တာထဲ စုပြုံထည့်
ရထားနဲ့တခါတည်း သယ်သွားလို့ရနိုင်ပေမဲ့၊  စက်ဘီးအသုံးများသော ဂျပန်နိုင်ငံမှာ စက်ဘီး
တဘက် တဖြည်းဖြည်းနဲ့ နှစ်ချီလာတာနှင့်အမျှ စုပုံလာမယ့် ပစ္စည်းတွေများလာရင်တော့
သယ်ရတာမလွယ်ပါဘူး။ ရထားနဲ့အခေါက်ခေါက်သွားသယ်ဖို့ရာလည်း ရထားခဈေးကြီးပြန်
အချိန်ကလည်း ရှားပါးပြန်၊ စက်ဘီးလို ရထားပေါ်တင်မရတဲ့ ပစ္စည်းမျိုးတွေ ပရိဘောဂမျိုးတွေပါ
ရှိလာတဲ့အခါ အခက်တွေ့ရပါတယ်။

အဲလိုအခါမျိုးမှာ ဂျပန်အခေါ် 宅急便・たっきゅうびん・takkyuubin လို့ခေါ်တဲ့ ဂျပန်နေထိုင်သူများ
ကတော့ မျက်မှန်းတန်းမိပြီးဖြစ်မှာပါ။ ကြောင်နက်ပုံလေးနဲ့အမြန်ချောပို့ခြင်းကို Family Mart
7. 11 Store ကဲ့သို့သော ၂၄နာရီဖွင့်သည့်ကွန်ဘီနီ စတိုးအတော်များများမှာ သွားပို့လို့ရပါတယ်။ 
တဖက်ကိုပို့စေချင်သော ရက်နဲ့အချိန်ကိုသာပြောထား ရေးဖြည့်ထားလိုက်ရင် 
အဲဒီ့ရက်အဲဒီအချိန် အရောက်လာပို့ပေးပါတယ်။

နောက်တမျိုးက မြန်မာလူမျိုးဦးစီးလုပ်ကိုင်သော ကားနဲ့ ပစ္စည်းပို့ဆောင်ပေးဖို့ အပ်နှံလို့ရပါတယ်။
အဲဒါက ပစ္စည်းလာယူသောကားကို မိမိအိမ်ဟောင်းကစောင့်ပြီး၊ 
တဖန် အိမ်အသစ်မှာ ချက်ချင်းရထားနဲ့ပြန်စောင့်ရတာမျိုးရှိပါတယ်။ 
ဒီ့ထက်တော့ ထဲထဲဝင်ဝင်မသိပါ။ ဒီလိုဆားဗစ်စ်မျိုးနဲ့ မြန်မာပြည်ကို ပစ္စည်းအိမ်အရောက်ပို့ပေးသော
ဝန်ဆောင်မှုလုပ်ငန်းမျိုး စတာတွေသိချင်ရင် ဂျပန်နိုင်ငံမှာထုတ်ဝေသော မြန်မာဘာသာဂျာနယ်
ဧရာဝဏ်ဂျာနယ် ကို ဖတ်ကြည့်သင့်ပါတယ်။ တကဒါနိုဘာဘာကဲ့သို့ မြန်မာစတိုးဆိုင်တွေမှာ
ရောင်းလေ့ရှိပါတယ်။

နောက်တမျိုးက ကားစင်းလုံးဌားပြီး မိမိဘာသာကားမောင်းပြီး ပစ္စည်းရွှေ့ပြောင်းသယ်ယူခြင်းပါ။
ဒါကိုတော့ဂျပန်အခေါ် レンタカー れんたかあလို့ခေါ်ပါတယ်။
ဒါကတော့ မှိုလိုပဲ ကားငှားလုပ်ငန်းတွေအလွန်ပေါများပါတယ်။
နမူနာတစ်ခုအဖြစ် ကားငှားတဲ့ လုပ်ငန်းတခုကို ဒီမှာသွားရောက်လေ့လာနိုင်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ။

Tuesday, April 6, 2010

ရာသီအပြောင်း

တောင်ထပ်တက်ခဲ့တယ်။




ဂျပန်မှာလည်းဒီလိုအရုပ်လေးရှိတာ အံ့သြစရာနော်။

ဒီတခါတက်တဲ့တောင်က မတ်လည်းမတ် တောတောင်တွေနဲ့တကယ့်သဘာဝတွေပေါများသမို့
ပထမတခါတက်တဲ့တောင်ဟာ ကလေး ကစားသလို ဖြစ်သွားတယ်။
နဂိုတည်းက ခြံထဲမှာ အပင်တွေစုံစွာ အပင်တွေအောက် ခြုံတွေကြား အပင်တွေပေါ်တက်ရင်း
ဆော့ရင်း ကြီးပြင်းလာသူမို့ အပင်နှင့်တောတွေကတော့အတော်ချစ်တယ်။
ဒါကတော့တောင်ထိပ်ကနေလှမ်းကြည့်တော့မြင်တွေ့ရတဲ့ တောတောင်ပင်လယ်
ကျွန်းကလေးတွေရဲ့ရှုခင်းပါ။

ဒီ့အပြင် သူငယ်ချင်းအမတယောက်ဆီသွားလည်တော့ ပန်းခြံကြီးထဲလည်း လျှောက်လည်ခဲ့
သေးတယ်။
ဒီအချိန်ဟာ တနိုင်ငံလုံး ချယ်ရီပန်းတွေပွင့်တာမို့ မျက်စိတဆုံးကြည့်လေရာ ချယ်ရီတွေ
ဖွေးလို့နေတာပေါ့။
ချယ်ရီဟာမြန်မာပိတောက်လိုပဲ ပွင့်ပြီး ရက်အနည်းငယ်ကြာတာနဲ့ကြွေတာမျိုးပါ။
ဒါ့အပြင် ဆောင်းတတွင်းလုံးအလွန်အေးခဲ့တော့ လမ်းပေါ်မှာ ခဏရပ်လို့တောင်
စကားလက်ဆုံမပြောနိုင်တဲ့ ဂျပန်မှာ အအေးဒဏ်နှင့်ဆောင်းရာသီကို စွန့်ပြီး
ခုကစလို့ နွေးထွေးတဲ့ ရာသီသစ်ထဲကူးပြောင်းမှာဖြစ်တာမို့
ပန်းကြည့်ပွဲလို့ နာမည်တွင်သော ဂျပန်ရိုးရာ ဓလေ့လေးတခုဖြစ်တဲ့
ချယ်ရီပင်တွေအောက် နေပူဆာလှုံရင်း ပျော်ပွဲစားထွက်ကြတဲ့ မိသားစုတွေ အုပ်စုတွေကိုလည်း
တွေ့ခဲ့ရတယ်။

ပင်ပမ်းခဲ့ပေမဲ့လည်း တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates