ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ဂျပန်ဟာ ငြိမ်ဝပ်ပိပြားမှုနှင့်လုံခြုံရေး ကောင်းမွန်တဲ့နိုင်ငံရယ်လို့ ကြားဖူးတာတော့ ကြာပါပြီ။
တနေ့ကဂျပန်လိုအင်တာနက်ကသတင်းတွေဖတ်တဲ့အခါ ဂျပန်ရဲ့နာမည်ကျော် bulletin board တစ်ခုမှာ တိုကျိုက ရှင်ဂျုကုဘူတာ တောင်ဘက်ပေါက် နေ့လည် ၂နာရီခွဲ နီးရာလမ်းသွားလမ်းလာလူကို လူ၃ယောက်အဖွဲ့မှ သတ်ဖြတ်မည်ဟု ကြိုတင်ကြေငြာချက် ကို ရေးသားထားတာမို့၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လွန်ခဲ့တဲ့နှစ်အနည်းငယ်မတိုင်မီမှာ အာခိဟဘရလို့ခေါ်တဲ့မြို့ကမီးပွိုင့်တခုမှာ တွေ့ရာလူကို ဓါးနဲ့လိုက်ထိုးခဲ့တဲ့အမှုကိုခုံရုံးတင် ဆုံးဖြတ်ချက်ချခါနီး ယင်းအမှုသတင်းတွေကလည်း ခုတလော ပျံ့လွင့်နေတဲ့အချိန်မို့၊ ရဲတွေ ရဲကားတွေ လုံခြုံရေးအစောင့်ကြပ်တွေတင်းကြပ်စွာဖြင့် ရှင်ဂျုကု တောင်ဘက်ပေါက်မှာ အဲသည့်နေ့က လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။
အဲသည့်နေ့ညဘက်ရော နောက်နေ့မနက်ရော စိုးရိမ်တကြီး ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့ရယ်လို့ ဆုတောင်းပူပန်ရင်း ကုန်လွန်ခဲ့ရာက မနေ့ကညဘက်မှာတော့
ယင်းသတင်းကိုသတင်းဌာနက ထုတ်လွှင့်သွားခဲ့ပါတယ်။ တရားခံကတော့ အသက်၁၅နှစ်အရွယ် အလယ်တန်းကျောင်းသားလေးက လူတွေဘယ်လောက် ဆူညံပွက်လောရိုက်သွားမလည်းဆိုတာ ကြည့်ချင်လို့လို့ဆိုပါတယ်။ တရက်အတွင်း တရားခံကိုရအောင် လိုက်နိုင်တဲ့ဂျပန်ရဲဌာနကိုလည်း သဘောကျမိပါတယ်။
မနေ့ကတော့ သတင်းတခုထပ်ကြည့်ရပါတယ်။ မဲဂုရိုးဆိုတဲ့မြို့ကအိမ်တအိမ်မှာ ရုတ်တရက်
လူသတ်ဓါးပြတိုက်မှု ဖြစ်သွားတဲ့သတင်းရယ်ပါ။ ရက်အနည်းငယ်အတွင်းမှာပဲ တရားခံကိုဖမ်းမိပါတယ်။ အခင်းဖြစ်တဲ့နေရာနှင့်အတော်ဝေးတဲ့ နေရာကနေ အဝေးပြေးဘတ်စ်ကားစီးပြီး လာသတ်ဓါးပြတိုက်တဲ့သူ ရယ်ပါ။ ရန်ငြှိုးမရှိ ငွေလိုလို့သက်သက်လုပ်ခြင်းမို့ သဲလွန်စ လိုက်ရခက်ခဲ့ငြား ဘယ်လိုစုံစမ်းပြီးဖမ်းမိသွားတယ်ဆိုတာ ရဲဌာနက မနေ့က စုံစမ်းမေးမြန်းခန်းသတင်းမှာ ကြည့်လိုက်ရပါတယ်။ သဲလွန်စရသွားတဲ့အကြောင်းရင်းကို ကြည့်ရှုသိမြင်လိုက်ရတဲ့အခါ အတော်ပဲ အံ့သြသွားမိပါတယ်။
ဂျပန်တစ်နိုင်ငံလုံးရဲ့ မီးပွိုင့်တွေ ရထားဘူတာရုံတွေ အဝေးပြေးကားဂိတ်တွေ ပန်းခြံတွေ လမ်းမတွေ အစရှိတဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေဟာ အလုံးပေါင်း သောင်းပေါင်းများစွာ ရှိတယ်လို့ ရဲအရာရှိကဆိုပါတယ်။ ဒီအမှုမှာတော့ တရားခံဟာ ပြစ်မှုကျူးလွန်ပြီး အိမ်ကအထွက် မှာ ကိုယ်ဘေးတစောင်းနဲ့ဝိုးတ၀ါးပုံရိပ်ဟာ အဲဒီလမ်းမှာတပ်ဆင်ထားတဲ့ ကင်မရာမှာ မှတ်တမ်းရှိနေပါတယ်။ အဲသည့်နောက် ဥပမာဆိုရလျှင် နိုင်ငံခြားရုပ်ရှင်တွေကြည့်တဲ့အခါ တရားခံရဲ့လက်ဗွေကို ဘယ်သူလည်းလို့ ရှာတဲ့အခါ ယင်းလက်ဗွေနဲ့ ကွန်ပျူတာထဲက ဒေတာတွေထဲသိမ်းဆည်းထားတဲ့ လက်ဗွေတွေကို တူမတူ တခုချင်းလိုက်စစ်ပေးတဲ့ ကွန်ပျူတာဆော့ဖ်ဝဲလ်လို ဆော့ဖ်ဝဲလ်မျိုးကို အသုံးပြုပြီး ယင်းပုံရိပ်နဲ့ တရားခံကို အဲသည့်အချိန်နောက်ပိုင်း ဘယ်နေရာတွေမှာရှိလည်း ဆိုတာ လိုက်စစ်တဲ့အခါ ပုံတွေအားလုံး ပေါ်လာတာ တွေ့ရပါတယ်။ မျက်နှာကျပုံတခုတည်း မှတ်သားပေးတာမဟုတ်ပဲ အ၀တ်အစားတို့ အသုံးအဆောင် ပစ္စည်းတို့ကိုလည်း မှတ်သားပြီး တိုက်မတိုက် စစ်ပေးတာဖြစ်တယ် လို့ ရှင်းလင်းပြသသွားပါတယ်။
သြော် တွေးကြည့်တော့ ဆယ်တန်းအောင်ကာစ အင်တာနက် ဘာမှန်းမသိခဲ့ခင်အရွယ် ဟောလိဝုဒ် အက်ရှင်ကားကြည့်ခဲ့ဖူးစဉ်က ထွက်ပြေးတဲ့သူရဲ့ဖုံးကအချက်လက်ကို GPSအနေဖြင့်သုံးပြီး ဘယ်နေရာရောက်နေတာ ချက်ချင်းရှာဖွေတွေ့ရှိခဲ့တာကို မယုံနိုင်ပဲ ရုပ်ရှင်မို့လို့ဖြစ်မယ်လို့ တွေးကြည့်မိဖူးပါတယ်။
လူတွေဟာ ဂြိုလ်သားတွေဆိုရင် နည်းပညာ အံ့မခန်းဆန်းပြားတယ် လို့ အမျိုးမျိုးသတ်မှတ်လေ့ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျမစိတ်ထဲမှာတော့ လူတွေတည်ဆောက်တဲ့ ကြီးကြယ်ခမ်းနားမှုတွေ၊ အံ့မခန်း ဆန်းပြားတီထွင်မှုတွေ နည်းပညာတွေကြား လူတွေကိုလည်း ဘယ်သတ္တ၀ါတွေက ဂြိုလ်သားတွေရယ်လို့ ခေါ်ဆိုသတ်မှတ်နေပါလိမ့်နော် လို့ တွေးရင်း ပြုံးမိတတ်ပါတယ်။
အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ကြပါစေ♪♪♪