ခေါင်းထဲကိုဝင်နေတဲ့အတွေးတပုဒ်
တခုခုတော့ရေးချင်တယ်
ဘာကိုခြုံငုံရေးရမှန်းလည်း အစဆွဲခက်နေချိန်
မနေ့က ဂျပန်ရဲ့လုပ်ငန်းခွင်mannerများအခွေကိုကြည့်တဲ့အခါ
ဟမ်ဘာဂါစကားပြောနည်းတဲ့ အဲလိုနဲ့ အဲဒီအစလေးကိုဆွဲထုတ်လိုက်မိတယ်။
ဆိုလိုရင်းကတော့ တကယ်တမ်းအနှစ်က ကြားမှာညှပ်ပြီး
ဒါကို လိုရင်းမဟုတ်သော အကာနှစ်ခု အုပ်ထားတဲ့စကားပြောနည်းပေါ့။
ဝန်ထမ်းတဦးကို သတင်းအချက်လက် မြန်မြန်ဆန်ဆန်ပေးပို့ခြင်း ဆောင်ရွက်ဖို့
ပြောတဲ့အခါ
၁။ မင်းအလုပ်လုပ်တာ ခုတလော သိပ်အားရတာပဲ
(ချီးမွမ်းခြင်းနှင့်စတယ်)
၂။ဒါနဲ့ မင်းသတင်းပို့တဲ့အခါ ပိုမြန်ပစေကွာ
(ပြောချင်တဲ့ဆိုလိုရင်းအနှစ်ကိုပြောတယ်)
၃။အေးကွာ ကြိုးစားတဲ့လူငယ်တွေကို သိပ်သဘောကျတယ်။
အခက်ခဲရှိတာပြော။ လိုတာပံ့ပိုးအားပေးဖို့အသင့်ပဲသိလား။
(အားပေးခြင်းနှင့်ဆုံးတယ်)
ပြောခံရတဲ့သူရဲ့စိတ်ထဲမှာ သူရဲ့လစ်ဟာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့
လိုလိုချင်ချင် ဆောင်ရွက်လိုစိတ် ပြန်လည်သုံးသပ်လိုစိတ် ဖြစ်ထွန်းစေပါတယ်။
ခလေးလေးတောင်မှ သိပါတယ်။ ဆူတာကြိုက်သလား အကောင်းပြောတာကြိုက်သလားဆိုတာ။
ဒီလိုပါပဲ ။ လုပ်ငန်းခွင်လေးတခုတည်းမှမဟုတ်ပါဘူး။
လူ့ဘောင်လောကအ၀န်းဝိုင်းထဲမှာလည်း လူမှုပေါင်းသင်းဆက်ဆံရေးဟာ
တိမ်မယောင်နက်ပါတယ်။
မိမိအနေဖြင့်ကတော့ စိတ်ပိုင်းဆိုင်ရာဟာ သိပ်ကိုအရေးပါတယ်လို့မြင်ပါတယ်။
ပုဂ္ဂလိကပင်ကိုယ်စရိုက်အားဖြင့်တော့ စကားပြော မကြမ်းပေမဲ့ မချိုအီပါဘူး။
အထူးသဖြင့် ဘလော့ဂ်တွေရေးတဲ့အခါ တခါတလေ နူးညံ့သယောင် ဖတ်သူက
ခံစားရပေမဲ့ အပြင်က လေသံကတော့ ယောကျာင်္းအနည်းငယ်ဆန် သြ၊ ပြတ်တာမို့
တခါတလေတုံးတိပြောတတ်ပြီး စိတ်ဆိုးတဲ့အခါများစကားပြောရင်ခပ်ရင့်ရင့်ပြတ်ပြတ်မို့
ငယ်စဉ်ကဆို အလွန်ကိုပြုပြင်ခဲ့ရတာပါ။
လူဆိုတဲ့သဘောဟာ မိမိရဲ့လက်၅ချောင်းငုံ့ကြည့်ရင်တောင်အတိုရှည်မညီတာမို့
သွေးသားမိရင်းဖရင်းမောင်နှမရင်းတောင် စိတ်တွေ၊ အကြိုက်တွေ မတူညီတာမို့
သဘောထား၊ခံယူချက်၊အကြိုက်ကစလို့ ကွဲလွဲခြင်းတွေရှိတာ
မြေကြီးလက်ခတ်မလွဲမှားတဲ့ သီအိုရီရယ်ပါ။
ကိုယ်နဲ့တသဘောတည်း၊ တစိတ်တ၀မ်းတည်းရှိတဲ့သူကိုရှာမယ်ဆိုရင်
မြတ်စွာဘုရားရှင်လက်ထက်ဟောတဲ့တရားကလို လူမသေတဲ့အိမ်လိုက်ရှာနေသလိုပဲ
ဖြစ်နေပါလိမ့်မယ်။
အဲဒီအခါ ကိုယ်နဲ့တသဘောတည်းမဟုတ်ရင်မပေါင်းဘူး ရယ်လို့သဘောထားရင်
ပေါင်းစရာလူကျန်မယ်ရယ် မထင်ကြောင်းပါ။
အဲဒီအခါမှာ ဘယ်လိုနည်းနဲ့ပေါင်းသလည်းဆိုတော့ (ပုဂ္ဂလိကရယ်ပါ)
အဓိကဆိုတဲ့ ကိုယ့်ရဲ့စံကိုသတ်မှတ်ပါတယ်။
အဓိကနဲ့သာမညကိုခွဲပါတယ်။
မိမိနှင့်ဥပမာပြရလျှင် မိတ်ဆွေဖြစ်ဖို့ရာ
အကျင့်စာရိတ္တကောင်းမွန်မှု၊ မောက်မာထောင်လွှားမှုမရှိခြင်း၊
စကားပြောမကြမ်းတမ်းမရိုင်းစိုင်းခြင်း၊ စိတ်စေတနာကောင်းခြင်း
စတဲ့အချက် ၄ချက်ကို အဓိကထားပါတယ်။
တခါတလေ မလိုပဲ စကားတွေသိပ်များတာတွေ၊ အကြွားသန်တာမျိုးတွေ
ဘာသာမတူလို့ အတွေးမတူတာလေးတွေ၊
စသော စသော သာမညလေးတွေကိုတော့ ရယ်စရာလိုသဘောထားပြီး
ခွင့်လွှတ်အကောင်းမြင်စိတ်နှင့်ပေါင်းသင်းတဲ့အခါ
ကောင်းမွန်တဲ့မိတ်ဆွေအတော်များများဖြစ်ထွန်းစေပါတယ်။
ဆိုလိုရင်းကတော့ ဒီလိုလူ့ဘောင်ထဲရှင်သန်တဲ့အခါ
လူအချင်းချင်း တူညီမှုမရှိသော ကွဲလွဲခြင်းတွေအများကြီး တွေ့ကြုံရမှာပါ။
အဲသည်လိုတွေ့ကြုံလာတဲ့အခါ ကိုယ်ကတော့ ဟမ်ဘာဂါစကားပြောနည်း
ဥပမာလေးကို သိပ်သဘောကျသွားပါတယ်။
လောကမှာဘုရားတောင်ချွတ်မရဘူးဆိုသော ဇာတ်တော်တွေအများကြီးရှိခဲ့တာပါ။
ဒါကြောင့်သာမန်လူအချင်းချင်းက ဘယ်လိုကြောင့်များ မိမိအယူဆ အကြိုက်နှင့်
သူတပါးကို တူညီအောင်လုပ်ဖို့ လွယ်ကူပါလိမ့်မလည်း။
ဒီလိုကွဲပြားလာတဲ့အခါ တခါတလေ ပြိုင်မငြင်းလည်း မဆွေးနွေးလည်းဖြစ်တဲ့
အရေးမကြီးတဲ့ခေါင်းစဉ်လေးတွေဆိုရင်တော့ ရှောင်သွားတာအကောင်းဆုံးပါ။
သို့ငြား ဒါဟာ အတိုင်းတာတခုထိ ထိခတ်သွားစေနိုင်တဲ့
မဆွေးနွေး မငြင်းခုန် (debate)လို့ကို မဖြစ်တဲ့အကြောင်းအရာဆိုလျှင်တော့
ဟမ်ဘာဂါလိုစကားပြောနည်းဟာ သိပ်ကို သုံးသင့်တဲ့နည်းပါလို့ ယုံကြည်ပါတယ်။
တဦးနှင့်တဦးခင်မင်မှုကိုမပျက်စေပဲ တဖက်နဲ့တဖက် နားလည်လက်ခံပေးဖို့လွယ်သော
သုံးနှုန်းနည်းပါပဲ။
မည်သူမှ ပြစ်တင်ဝေဖန် သို့ ကြမ်းတမ်းစွာအပြောခံရခြင်းကို နှစ်သက်မည်ဟု မထင်ကြောင်းပါ။
အားလုံးပဲ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ
8 comments:
ညီမလေး.....
တစ်ခုခုများဖြစ်သလား...
စိတ်ချင်းလည်းတူဖို့က မလွယ်ဖူးရယ်လေ..။ အစစအဆင်ပြေပါစေနော်..။
ကိုယ်တော့ ပိဿာလေးနဲ့ ငယ်ထိပ်ထုနည်းနဲ့ပဲ ပြောဖြစ်နေသေးတယ်။
:D
ဒီ post လေးကို ကြိုက်ပါတယ်။
ဟမ်ဘာဂါစကားပြောနည်း သေချာထပ်မှတ်သွားတယ် အစ်မ...း)
အဲဒါနဲ့ ခွန်ရော...အချက်လေးချက်နဲ့ပြည့်မှပြည့်ရဲ့လားမသိဘူး....ဟီး
မု့န်သွားစားကြမယ်နော်... အားရက်တိုက်ရင်း)
ဟမ်ဘာဂါစကားပြောနည်းလေး မှတ်သားစရာကောင်းတယ်။ လိုချင်တဲ့ပွိုင့်ကို အလည်မှာ ညှပ်ပြီးထည့်တယ်။ ဒီစကားပြောနည်းမဆိုးဘူး။ လိုက်နာသင့်တယ်။
knsl ရေ
ဟုတ်ပါတယ် ယဉ်ကျေးစွာ သဘောထား ကွဲလွဲကြတာကောင်းပါတယ် အများ နဲ့ ဆွေးနွေးကြတဲ့ အခါ မှာ ကိုယ့် အယူအဆကို ရှေ့တန်းတင်ပြီး သူများ အယူအဆကို မလေးစားတာတွေ ရင့်ရင့်သီးသီး ပြောတာတွေ တွေ့ရရင် သိပ်စိတ်ကုန်တာဘဲ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မညရေ စိတ်ပူပေးတာကျေးဇူး
ဘာမှမဖြစ်ဘူး ..တကယ်
ရီတာရေ
နေရာတိုင်းမှာဘောင်အကန့်သတ်တခုတော့ရှိပါတယ်။
မပြောလို့မှမရတော့ဘူးဆိုရင်တော့ ပိသာလေးတင်မဟုတ် ပိသာကြီးနှင့်ပါ ထုသင့်ထုရပါတယ်
ခစ် မြှောက်ပေးမိပြန်ပြီ
ခွန်ကတော့ လေးချက်မကဘူး ကျော်နေတယ်
စားမှာ စာမေးပွဲပြီးတာနဲ့ ချက်ချင်းသတင်းပို့မယ်နော်
ကိုမောင်ရေ ကိုယ်လည်း သဘောကျမိပါတယ် ;)
မဗစ်စ်ရေ နည်းပြန်နာယူလိုက်တယ်နော် အဟားဟား
မှတ်သားလောက်တယ် ပညာရှင်ပဲ
မရွှေဇင်ရေ ဒီမှတ်ချက်လေး သိပ်သဘောကျမိကြောင်းပါ...
@shin
ဂျပန်ဆိုတဲ့ခေါင်းစဉ်စလိုက်ရင်ပဲ စိတ်ဓါတ်ပြင်းထန်မှုနဲ့ ကြိုးစားမှုဟာ အတူတွဲပြီး ပုံရိပ်ပေါ်လာတတ်တယ်လို့ ဆိုရမလားပဲနော်။ ရာသီဥတုအပူအအေးခြားနားခြင်းပြင်းထန်မှု၊ စိုက်ပျိုးမြေ၊မြေပြန့်နည်းပါးပြီး တောင်တွေပေါများမှု၊ သယံဇာတနည်းပါးမှု၊ သဘာဝဘေး အထူးသဖြင့်ငလျှင်ပေါများမှု စတာတွေဝန်းရံထားတဲ့ ကျွန်းသေးသေးလေးဂျပန်ဟာ ဒီလိုပြင်းထန်သောကြိုးစားမှုနှင့်ဇွဲစိတ်ဓါတ်မရှိလျှင် ဒီလောက် ထွန်းကားစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။ သို့ငြား တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။
ကြိုးစားတာလည်းကြိုးစားဆိုပေမဲ့ အသက်ကြီးလာတော့ အတွေးက ပြောင်းလဲမှု ပိုကြီးမားလာတယ်။ ရှင်သန်နေစဉ်ပစ္စုပန်မှာလည်း ပျော်ပျော်ရွှင်ရွင် နေရကျိုးနပ်အောင် နေသွားဖို့လည်းအရေးကြီးတယ်လို့ ထင်လာမိတယ်။ shinလည်း နေ့စဉ်ဘ၀ထဲမှာပျော်ရွှင်ပါစေနော်။
Post a Comment