Saturday, November 27, 2010

မြန်မာတိုင်းမ်သို့ စာတစောင် (ဂျပန်နိုင်ငံသားလျှောက်ခြင်း)

ဒီနေ့ ဘလော့က ခင်ရတဲ့ မလသာညရဲ့ဘလော့ဂ်က ဆောင်းပါးတပုဒ်ကိုသွားလည်ဖတ်ပါတယ်။
သိပ်ကိုတန်ဖိုးရှိတဲ့ပို့စ်လေးပါ။ စိတ်ရှည်လက်ရှည် လင့်ခ်တွေအတော်များများကိုလည်း ဖော်ပြပေးထားတာ
တွေ့ရပါတယ်။ အဲလိုဖြင့် မြန်မာတိုင်းမ်ဂျာနယ်ဆောင်းပါးသွားရောက်ဖတ်ရှုမိတဲ့အခါ အယ်ဒီတာကို မရေးပဲ မနေနိုင်လို့ စာတစောင် ရေးလိုက်မိပါတယ်။

အားလုံးလည်း စိတ်ဝင်စားလျှင်ဖတ်ရအောင် ဘလော့ဂ်မှာလည်းတင်လိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

သို့
အယ်ဒီတာ

ကျမဟာ မြန်မာတိုင်းမ်ကို လေးစားသလို နှစ်လည်းနှစ်သက်ပြီး နိုင်ငံတကာအဆင့်မီ ဂျာနယ်တစောင်ရယ်လို့ သတ်မှတ်ထားတဲ့ စာဖတ်ပရိတ်သတ်တဦးပါ။ ဒီလိုလေးစားသောဂျာနယ်မို့ ဂျာနယ်မှပါရှိသောသတင်းအချက်လက်
လွဲမှားမှုကို အချိန်ပေးပြီး ခုလိုစာမရေးပဲ မနေနိုင်ဖြစ်လို့ ရေးလိုက်ရပါတယ်။

ယနေ့တော့ ဒီဆောင်းပါးလေးကို အမှတ်မထင်ဖတ်မိပါတယ်။
http://www.myanmar.mmtimes.com/2009/timeout/442/t001.htm
လှူမှုဘ၀ရသစုံလင် ထဲမှ  ဂျပန်မှာနေမယ်ဆိုရင် ဆိုသော ဆောင်းပါးဖြစ်ပါတယ်။

ယင်းထဲမှအောက်ပါစာပိုဒ်နှင့်ပတ်သက်ပြီး အကြံပေးလိုပါတယ်။
(
နောက် နိုင်ငံသားကိုယူရင် အလို အလျောက်နိုင်ငံသားဖြစ်တာမျိုး မရှိဘဲ ဥပဒေအရ ရ၅ နှစ်လောက် နေပြီးရင် ကိုယ်က အလုပ်အကိုင် လည်း ရှိတယ် ဆိုရင် နိုင်ငံသားအဖြစ် လျှောက်ထားခွင့် ရှိပါတယ်။
ဒီလို လျှောက်တိုင်းလည်း နိုင်ငံသား ဖြစ်ဖို့ မလွယ်ပါဘူး။ ဂျပန်အစိုးရက လျှောက်ထားသူဟာ ဂျပန်နိုင်ငံ အတွက် အကျိုးရှိမရှိ၊ အန္တရာယ်ပေးနိုင်သလားစတဲ့ အချက်တွေပေါ်မူတည်ပြီး နောက်ကြောင်းရာဇ၀င် ကအစ လိုက်လံ စစ်ဆေးတယ်လို့ သိရပါတယ်။
)

ပထမအပိုဒ်မှာ ရ နှစ်ခု ဖြစ်သွားပုံပေါ်ပြီး ၇၅နှစ် ဖြစ်နေတာတချက်ပါ။ ဒါဟာဖြစ်လေ့ရှိတဲ့စာစီစာရိုက်အမှားမို့ အမှားပြင်ဆင်ချက်တောင်
ထည့်သွင်းပြီးဖြစ်လျှင် ဖြစ်မှာပါ။ လူတွေလက်ထဲက ဂျာနယ်စာရွက်တွေ ပြန်လိုက်ကောက်ပြီးပြင်မရတာမို့ အမှားပြင်ဆင်ချက်နှင့်
လုံလောက်ငြား၊ အင်တာနက်စာမျက်နှာအပေါ်မှာတော့ အမှားပြင်ရိုက်တာမျိုးလုပ်ပေးသင့်တယ်လို့ထင်ပါတယ်။

ဒုတိယအချက်ကတော့ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်တာမျိုးမရှိဘူး ဆိုတဲ့အချက်ကတော့ မှန်ကန်ပေမဲ့ မရှင်းလင်းပါဘူး။ ဗဟုသုတမကြွယ်ဝတာမို့ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်တာမျိုးမရှိဘူး ဆိုတဲ့စာသားကို ဖတ်ရတဲ့အခါ နိုင်ငံသားကိုယူရင်အလိုအလျှောက်နိုင်ငံသားဖြစ်သော နိုင်ငံမျိုး ရှိပါသလားလို့ ဗဟုသုတအဖြစ် သင်ကြားပြောပြပေးဖို့ မေတ္တာရပ်ခံပါရစေ။
ဒေါက်တာမောင်မောင်ရေးသားသော (တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ စာမျက်နှာ ၇၆)မှာ ဖတ်ရှုရတာကတော့
(
ပြည်ထောင်စုနိုင်ငံသားတစ်ဦးနှင့်လက်ထပ်သောနိုင်ငံခြားသူတစ်ဦးသည် လက်ထပ်ပြီးနောက် တစ်နှစ်ကျော်လွန်လျှင် ၄င်းသည် ပြည်ထောင်စုနိုင်ငံသားဘ၀ကို ခံယူလိုကြောင်းဖြင့် လျှောက်ထားတောင်းဆိုနိုင်သည်။ ၄င်းသည်အိမ်ထောင်ရေးအားဖြင့် မြန်မာနိုင်ငံနှင့်
ဂဟေဆက်မိပြီဖြစ်၍ မြန်မာနိုင်ငံတွင်း၌ငါးနှစ်ကြာနေထိုင်ရန်မလို။ တစိမ်းနိုင်ငံခြားသားထက် လွယ်ကူစွာပြည်ထောင်စုနိုင်ငံသားဘ၀ကို ရယူနိုင်လေသည်။
)
ဟု ဖော်ပြပါရှိပါတယ်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံထက်စာလျှင် ဥပဒေအားဖြင့် စည်းကြပ်မှု သက်သာမှုရှိငြား မြန်မာနိုင်ငံသည်ပင် နိုင်ငံသားကို ယူပြီး တနှစ်ကျော်လွန်မှ နိုင်ငံခြားသားအနေဖြင့် မြန်မာနိုင်ငံသားလျှောက်ထားခွင့်ရှိသည် ဆိုသောအချက် ဖြစ်ပါသည်။

တတိယအချက် ကတော့ အထက်ပါ အရေးသားနှင့်ပတ်သက်ပြီး ပြောခွင့်ပြုပါ။
ကျမလည်း ဂျပန်ရောက်တာ မကြာသေးသူမို့ ဗဟုသုတသိပ်မကြွယ်ဝတာမို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးနှင့် တရားရေးဝန်ကြီးဌာနရဲ့ (ဂျပန်)နိုင်ငံသားဥပဒေကို သွားရောက်ဖတ်ရှုကြည့်တဲ့အခါ ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထိမ်းမြားသော နိုင်ငံခြားသားတဦးမှ ဂျပန်နိုင်ငံသားလျှောက်ထားခြင်းနှင့်စပ်လျဉ်းသော ဥပဒေများကို ယခုလို တွေ့ရှိရပါတယ်။


ဒါကတော့ ဂျပန်နိုင်ငံသားနှင့်လက်ထပ်ထားသည့်နိုင်ငံခြားသားတဦးက လျှောက်ထားလျှင် သက်မှတ်ထားသောအချက်များပါ။
第七条  日本国民の配偶者たる外国人で引き続き三年以上日本に住所又は居所を有し、かつ、現に日本に住所を有するものについては、法務大臣は、その者が第五条第 一項第一号及び第二号の条件を備えないときでも、帰化を許可することができる。
日本国民の配偶者たる外国人で婚姻の日から三年を経過し、かつ、引き続き一 年以上日本に住所を有するものについても、同様とする。
ဂျပန်လူမျိုးဧ။်အိမ်ထောင်ဘက်ပြုထားသူနိုင်ငံခြားသားဖြစ်ပြီး ၃နှစ်အထက် ဆက်တိုက်ဂျပန်တွင်နေထိုင်လာသောသူ တနည်းမှာ နေထိုင်သည့်လိပ်စာ ရှိခြင်း၊ ယင်းအပြင် လက်ရှိဂျပန်တွင်လိပ်စာရှိသူ နေထိုင်သူနှင့်စပ်လျှဉ်း၍ တရားရေးဝန်ကြီးသည် ယင်းသူက ပုဒ်မ၅ စာပိုဒ်၁ရှိ ပုဒ်ခွဲ၁ နှင့် ပုဒ်ခွဲ ၂ ဖြင့် မကိုက်ညီငြား နိုင်ငံသားခံယူခြင်းကို ခွင့်ပြုနိုင်သည်။
ဂျပန်နိုင်ငံသားဧ။်အိမ်ထောင်ဘက်ပြုထားသူ နိုင်ငံခြားသားဖြစ်ပြီး လက်ထပ်ထိမ်းမြားသည့်နေ့ရက်မှစကာ ၃နှစ်ပြည့်မြောက်ကျော်လွန်ပြီး၊ ယင်းအပြင် ဂျပန်တွင် တစ်နှစ်အထက် လိပ်စာရှိကာ နေထိုင်သူဖြစ်လျှင်လည်း ယင်းနည်းတူခွင့်ပြုနိုင်သည်။

ယင်းကိုဖတ်ရှုခြင်းအားဖြင့် ဂျာနယ်ပါအထက်ပါကွင်းတွင်းရှိ သတင်းအချက်လက်ဟာလွဲမှားနေတာကို စိတ်မကောင်းစွာတွေ့ရှိရပါတယ်။
ပုဂ္ဂလိကအမြင်အားဖြင့်ပြောရရင် ဂျပန်ဧ။်နိုင်ငံသားခံယူနိုင်ခွင့်ရရှိခြင်းဟာ ယခုလိုဥပဒေမှာ ဖော်ပြထားတာထက် လက်တွေ့မှာ ပိုမိုတင်းကြပ်တာ တွေ့ရှိရသော်ငြား ယင်းဥပဒေနှင့်တင်းပြည့်ကြပ်ပြည့်ကိုက်ညီသူမှန်လျှင် သိပ်ကိုတိကျသေချာစွာ ခွင့်ပြုပေးတာမျိုး လည်း များစွာရှိပါတယ်။

တဖန် သာမာန်နိုင်ငံခြားသားတစ်ဦးမှ ဂျပန်နိုင်ငံသားလျှောက်ထားခြင်းနှင့်စပ်လျဉ်းသော ဥပဒေများကို ယခုလို တွေ့ရှိရပါတယ်။

第五条
 法務大臣は、次の条件を備える外国人でなければ、その帰化を許可することができない。
ပုဒ်မ ၅ တရားရေးဝန်ကြီးသည် အောက်ပါသတ်မှတ်ချက်များနှင့်ညီသောနိုင်ငံခြားသားမဖြစ်လျှင်  နိုင်ငံသားပြောင်းလဲခွင့်ကိုမပြုနိုင်ပါ။
 引き続き五年以上日本に住所を有すること。
ပုဒ်ခွဲ ၁ ဂျပန်တွင် ၅နှစ်အထက် ဆက်တိုင်နေထိုင်လာခြင်း။ လက်ရှိနေထိုင်ဆဲဖြစ်ခြင်း။
 二十歳以上で本国法によつて行為能力を有すること。
ပုဒ်ခွဲ ၂ အသက်နှစ်ဆယ်အထက်ဖြစ်ပြီး တိုင်းပြည်ဥပဒေနှင့်အညီ ပုံမှန်ဥာဏ်ရည်မီသူ ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့သူ မဖြစ်ရခြင်း။
 素行が善良であること。
ပုဒ်ခွဲ ၃ အကျင့်စာရိတ္တကောင်းမွန်ခြင်း။
 自己又は生計を一にする配偶者その他の親族の資産又は技能によつて生計を営むことができること。
ပုဒ်ခွဲ ၄ ကာယကံရှင် သို့ စားဝတ်နေရေးစရိတ်ကိုထောက်ပံ့ပေးနိုင်သော အိမ်ထောင်ဘက်၊ ယင်းအပြင်အခြားသောဆွေမျိုးမှအမွေဆက်ခံခြင်း၊ သို့ အတတ်ပညာဖြင့် စားဝတ်နေရေးစရိတ်တတ်နိုင်ခြင်း။
 国籍を有せず、又は日本の国籍の取得によつてその国籍を失うべきこと。
ပုဒ်ခွဲ ၅ နိုင်ငံသားဖြစ်ခြင်းမပြုပဲ တနည်းမှာ ဂျပန်ဧ။်နိုင်ငံသားဖြစ်ခွင့်ရယူခြင်းဖြင့် ယင်းနိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသင့်သူ။
 日本国憲法 施行の日以後において、日本国憲法 又はその下に成立した政府を暴力で破壊することを企て、若しくは主張し、又はこれを企て、若しくは主張する政党その他の団体を結成し、若しくはこれに加入したことがないこと。
ပုဒ်ခွဲ ၆ ဂျပန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုသည့်ရက်နောက်ပိုင်းတွင်၊ ဂျပန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ တနည်းမှာ ယင်းဥပဒေ အရဖွဲ့စည်းထားသောအစိုးရကို အကြမ်းဖက်ခြင်းဖြင့်ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ခြင်း၊ တနည်းမှာ အဆိုပြုခြင်း၊ တနည်းမှာ ယင်းသို့ ကြံစည်ပြီး ယင်းသို့ အဆိုပြုသော အဖွဲစည်း ယင်းအပြင်အခြားအသင်းအဖွဲ့များဖြင့်ဆက်နွယ်ခြင်း၊ တနည်းမှာ ယင်းတွင်ပါဝင်ခြင်းများ မရှိရခြင်း။

မြန်မာတိုင်းမ်ဟာ တိကျမှန်ကန်သော သတင်းအချက်လက်တွေနှင့်အတူ လူတွေလေးစားယုံကြည်ရသောဂျာနယ်ကြီးတစောင်အဖြစ် အဓွန့်ရှည်တည်တံ့ပါစေလို့ဆုတောင်းရင်း
လေးစားစွာဖြင့်
ကျော်နှင်းဆီလွင်

3, 12, 2010 ထပ်မံဖြည့်စွက်ချက်...ယနေ့ထိမည်သို့မျှအကြောင်းပြန်ခြင်းမပြုလာပါ။ :)))
3, 12, 2010 ထပ်မံဖြည့်စွက်ချက်...ပုဒ်မ ၅ နိုင်ငံခြားရေးဝန်ကြီးဟု မှားယွင်းရေးထားမိသည်ကို တရားရေးဝန်ကြီး ဟု ပြန်ပြင်လိုက်ပါသည်။ ပြောပြပေးသော မကောင်းမွန်ဝင်းအား ကျေးဇူးတင်ပါတယ်။

Thursday, November 25, 2010

ဂျပန်ပြည်က စက်ဘီးများ

ငယ်ငယ်တုံးက ရပ်ကွက်ထဲမှာ စက်ဘီးစီးတာသိပ်ခေတ်စားတယ်။
ခြံနားမှာ ရဲစခန်းဝန်းကြီးဘေးက ကွက်လပ်ကြီးထဲ ခလေးတွေစုပြီး စက်ဘီးလာစီးကြတာ
သွားသွားငေးဖူးတယ်။ ဖေ့ကိုဂျီကျတော့ ဖေကိုယ်တိုင် ခြံထဲမှာ စက်ဘီးစီးသင်ပေးတော့
အဲလိုနဲ့ စက်ဘီးစီးတတ်သွားတယ်။ ဖေ၀ယ်ပေးတဲ့ စက်ဘီးလေးလည်း ၁လလောက်ပဲ
ကောင်းကောင်းစီးဖြစ်တယ်ထင်ပါရဲ့။ ကားတွေ အထူးသဖြင့်ဘတ်စ်ကားတွေ စိတ်ထင်သလို
မောင်းတတ်တဲ့ရန်ကုန်မှာ စက်ဘီးနဲ့ကားလမ်းပေါ်ကို စီးခွင့်မပြုတော့ အဲလိုနဲ့ စက်ဘီးလေးဟာ
အိမ်က စတိုခန်းလေးထဲမှာ သနားစရာပေါ့။ စက်ဘီးမစီးတာ ကိုယ်ရယ်မှမဟုတ်ပါဘူး။
ရန်ကုန်ကလူတွေ အများစု စက်ဘီးစီးလေ့မရှိကြဘူး။ ဘတ်စ်ကား တက်က်စီတွေသုံးတာများကြတယ်။

ဂျပန်မှာတော့ လမ်းပမ်းဆက်သွယ်ရေးအရ ရထားက သိပ်အဆင်ပြေတယ်။
အချိန်သိပ်တိကျသလို မြို့ပတ်ရထားတွေက ၃မိနစ်ခြားတခါ ဆိုက်တာမို့ ဂျပန်တွေအချိန်သိပ်တိကျတယ်
ဆိုတာကလည်းမဆန်းပေဘူး။ သို့ငြား ရထားခ ဈေးကြီးတယ်လို့ ထင်ပါတယ်။
စီးလိုက်တာနဲ့ အနည်းဆုံး ယမ်း၁၂၀ ပေးရတယ်။ အသွားပြန် ၂၄၀။ ဝေးတဲ့နေရာတွေဆို ယမ်းထောင်
ကျော် ကျသင့်တာတွေရှိတယ်။ ကြက်သားရေခဲရိုက်ထားတာ တကောင်လုံးကို ယမ်း၅၅၀၊ ဘာဝယ်ဝယ်
၁၀၅ယမ်းဆိုင်မှာ လိုသမျှထွေကာလီကာတခု ၁၀၅ယမ်းမို့ တွက်လျှင် ဈေးမနည်းဘူးဆိုရမယ်။
ဘူတာကနေ အတော်လှမ်းတဲ့နေရာမှာ နေသူတွေဆိုလျှင်လည်း ဘူတာထိရောက်ဖို့ ကားလို ၀န်လည်း
မများတဲ့ စက်ဘီးက လိုအပ်ပါတယ်။

ဂျပန်ရောက်စ အံ့သြတကြီး ငေးမောဖူးခဲ့တာကတော့ စက်ဘီးတွေ...စက်ဘီးတွေပါပဲ။
ဘူတာကြီးတွေရဲ့ စက်ဘီးရပ်နားနေရာဟာ ကျယ်ပြောပြီး ထောင်နဲ့ချီတဲ့ စက်ဘီးတွေရပ်ထားလေ့
ရှိတယ်။ ဟိုနား သည်နား ဈေးဝယ်ပဲသွားသွား စက်ဘီးက သိပ်အဆင်ပြေတယ်။


စက်ဘီးတွေဟာ ကားလမ်းပေါ်မှာနင်းလေ့မရှိဘူး။ ဂျပန်က ကားလမ်းတိုင်းရဲ့နံဘေးမှာ မြန်မာပြည်က
တချို့နေရာတွေလို ပလက်ဖောင်းမြင့်မြင့်မဟုတ်ဘဲ ကားလမ်းနဲ့တညီတည်းနီးပါး ပလက်ဖောင်းလေးတွေရှိတယ်။ အဲသည့်ထဲမှာ လူတွေလည်းလမ်းလျှောက်၊ စက်ဘီးတွေလည်း
နင်းကြတယ်။  မီးပွိုင့်တွေကူးတဲ့အခါ စက်ဘီးကူးရန်ဆိုပြီး လူကူးမျဉ်းကြားဘေး စာရေးပြီး နေရာကျယ်
အလွတ်ထားပေးလေ့ရှိတယ်။ အဲသည်မှာ ချစ်ဖို့ကောင်းတဲ့ဂျပန်ဓလေ့လေးကတော့ ကားတွေဟာ
စက်ဘီးတွေကို အထူးသတိထားပြီး အတူမောင်းရတဲ့(ပလက်ဖောင်းမကျယ်တဲ့)လမ်းကျဉ်းတွေမှာဆို
စက်ဘီးတွေကို ဦးစားပေးလေ့ရှိတယ်။ သို့ငြား စက်ဘီးတွေကလည်းသတိပြုမိတာနှင့် လမ်းဖယ်ပေးလေ့
ရပ်ပေးလေ့ရှိတယ်။ ပြီးတော့ စက်ဘီးတွေဟာလည်း လမ်းလျှောက်တဲ့လူတွေကို သိပ်ဦးစားပေးတယ်။
တခုခုလွန်သွားသလိုဖြစ်ရင် စုမိမဆန် ဆိုပြီး ခေါင်းလေးညွတ်ပြောတတ်တဲ့ မျက်ဝန်းထဲမှာ အားနာရိပ်တွေ
ရှိတဲ့ ဂျပန်ဓလေ့ကို ကိုယ်ကချစ်တယ်။ သို့ငြား ယနေ့ခေတ်လူငယ်လေးတွေမှာ အဲလိုဓလေ့လေးတွေ
ပျောက်ကွယ်စ ပြုလာနေတာလည်း အတော်များများတွေ့ရတယ်။ သို့ငြား ဂျပန်စတိုင်က အလုပ်ထဲဝင်
တော့မယ် တက္ကသိုလ်တက်ပြီဆိုရင်ပဲ လူမှုရေးဆိုင်ရာ အကျင့်နှင့် အပြုမူတွေကို ပုံစံချပစ်တဲ့ လူမှု
ထုံးစံမို့ လုပ်ငန်းခွင်ဝင်ပြီဆိုရင်ပဲ အားလုံးဟာ အမူကျင့်တွေ ပြောင်းလည်းသွားတာတွေ့ရပါတယ်။

အဲလိုနဲ့ဆက်ရရင် စက်ဘီးစီးခါစ သိပ်ကြောက်တတ်တယ်။ ဂျပန်ရဲ့ အများစုက ကျဉ်းမြောင်းတဲ့ လမ်းသွယ်လေးတွေထဲမှာ တိုက်မိမှာ သိပ်ကြောက်တယ်။ မြန်မာပြည်မှာ ကားမောင်းတတ်ခါစ အခွေဆိုင်
သွားတော့ အနားရောက်မှ ဘေးကပ်ဖို့သတိရတော့ လန့်လန့်နဲ့အမြန်ကပ်ဖို့ ဘေးကားအကြည့်ကောင်းတာ လမ်းလယ်က အုတ်ခုံတွေကို ဆွဲခြစ်ခဲ့ပါရောလား။ အဲလိုရာဇ၀င်မို့။
စက်ဘီးစီးစ ခဏခဏ ရပ်လိုက်သွားလိုက်နဲ့ပေါ့။
ခုတော့ သူက စက်ဘီးသိပ်စီး သိပ်ပတ်တတ်တော့ ကိုယ်လည်း ကျင့်သားရသွားတယ်။

စက်ဘီးတွေက တပတ်ရစ်တွေလည်း ၀ယ်လို့ရပါတယ်။ အဟောင်းဆိုင်တွေမှာ ၃ထောင် ၄ထောင်ယမ်း
ခန့် တချို့ကောင်းလျှင် ယမ်း ၅ထောင်ကျော်ခန့်ပေါ့။ သို့ငြား အသစ်ဝယ်လျှင် အသက်သာဆုံးက ဆဲယူး
SeiYu ပါပဲ။ ယမ်း၇ထောင်ကျော်ခန့်ဖြင့်အသစ်စက်စက်ဝယ်လို့ရပါတယ်။

ဒါကြောင့်ဂျပန်လာမည်ဆိုလျှင် စက်ဘီးကလေးတော့ စီးတတ်သင့်ကြောင်း။ စက်ဘီးစီးတတ်ထားလျှင်
အလွန်အဆင်ပြေမည်ဖြစ်ပါကြောင်း။

ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♫♥⁂♡♫♪♪

Friday, October 22, 2010

ဂျပန်မီးဖိုချောင်တွေမှာမရှိမဖြစ် မိဆို Miso 味噌

မိဆို ဆိုတာ ဂျပန်ရိုးရာ ပဲအနှစ်တမျိုးပဲဖြစ်ပြီး မိဆိုရှိရု 味噌汁 Misoshiru လို့ခေါ်တဲ့ ဂျပန်ရိုးရာ
ဟင်းချိုလေးနှင့်အတူ ဟင်းအမျိုးအစားပေါင်းမြောက်များစွာမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။
ခရမ်းသီးမိဆိုနှပ်၊ အသားမိဆိုပေါင်း၊ မိဆိုလာမန်(ခေါက်ဆွဲပြုတ်)၊ မိဆိုအုဒွန်း(ဆန်ခေါက်ဆွဲလုံးကြီး)၊
မိဆိုအနှစ်၊ မိဆိုအရသာဆော့စ် စသဖြင့်ရယ်ပါ။

မိဆို ဟာ ဂျပန်လို 大豆 အင်္ဂလိပ်လို Soybean ခေါ် Soya bean လို့ခေါ်ဝေါ်တဲ့ အောက်ဖော်ပြပါပုံရှိ
ပဲကို ပြုလုပ်ထားခြင်းရယ်ပါ။ ဂျပန်လို ပြုလုပ်နည်းဖတ်ကြည့်တဲ့အခါ

၁။ပဲကိုရေဆေးပြီး ပဲရဲ့ပမာဏကို ရေ၃ဆထည့်ပြီး တညရေစိမ်ထားပါတယ်။
၂။အိုးထဲရေနှင့်အတူထည့်ပြီး ပြုတ်ရင်း အမြုပ်တက်လာတွေကို ဖယ်ပစ်ပါတယ်။
၃။ ပြီးတော့အမြုပ်ကုန်သလောက်ရှိတဲ့အခါ ပိုနူးအောင် ထမင်းပေါင်းအိုးထဲထည့်ပြီး တညခန့် အပူပေးထားတယ် လို့ ဆိုပါတယ်။ မြန်မြန်နူးအောင်ပြုတ်နိုင်ဖို့ရာလို့ဆိုပါတယ်။
၎။ပြီးနောက် ပဲကိုလက်ဖြင့်ခြေလို့အဆင်ပြေနိုင်လောက်တဲ့ရေပမာဏခန့်မှန်းထည့်ပြီး ၃၊ ၄နာရီ
ပြုတ်ပါတယ်။
၅။သည့်နောက်ပိုးသတ်ထားသော မစ်ဆာနှင့် ကြိတ်ပါတယ်။ ပြီးနောက် ဆားနှင့်
米麹(こめこうじ)ခေါ် Fermentation လုပ်ထားတဲ့ဆန် (တစေးဖောက်ထားတဲ့ဆန်မှုန့်)ထည့်ပါတယ်။
ဥပမာဒိန်ချဉ်ပြုလုပ်တဲ့အခါ နို့ထဲကို ချဉ်ပြီးသားနှင့်အချဉ်ဖောက်ရန်ဘတ်တီးရီးယားပါပြီးသား  ဒိန်ချဉ်အနည်းငယ်ထည့်သလိုပါပဲ။
米麹(こめこうじ)ခေါ် Malted Rice ပြုလုပ်နည်းကဒီမှာကြည့်နိုင်ပါတယ်။
မြန်မာလိုမသေချာတာမို့သိလျှင်သင်ပေးသွားဖို့မေတ္တာရပ်ခံပါတယ်။ :)
ပြီးနောက်နှံ့အောင်နှယ်ပါတယ်။
၆။သည့်နောက်နှံ့အောင် မိဆိုအနည်းငယ်မာလာသည်အထိနယ်ပြီး
၇။အလုံးလေးတွေလုံးပါတယ်။
၈။ ပိုးသတ်ထားတဲ့အဇလုံ သို့ အိုးကြီးကြီးထဲထည့်ပြီး
၉။အပေါ်ဆုံးမှာ ဆားဖြူးကာ၊
၁၀။လေလုံအောင် ပလပ်စတစ်နှင့်ပိတ်ပါတယ်။
၁၁။ယင်းနောက်အပေါ်က စက္ကူနှင့်ဖုံး ၊ ကြိုးဖြင့်လုံအောင်ချည်ပါတယ။်

၁၂။တလကြာတဲ့အခါ ပိုးသတ်ထားသောယောင်းမနှင့် တခါဖွင့်ပြီး (ဆားရေတွေထွက်လည်း) ရောနှောပြီး နှံ့အောင်မွှေပေးပါတယ်။
မွှေတဲ့အခါမှာ မမွှေခင် မိဆိုအပေါ် မှိုတက်နေတာလေးတွေရှိ၇င် ဖယ်ပေးရပါမယ်။


၁၃။ပြီးလျှင် ပိုးသတ်ဆေးဖြန်းပြီး တခါ အထက်ပါအတိုင်းလေလုံအောင်ဖုံးပြီးထားရပါမယ်။
၁၄။နှစ်ဝက်လောက်ကြာတဲ့အခါကစလို့စားလို့ရကြောင်းပါ။

ဂျပန်မှာရှိနေရင်တော့ ၀ယ်စားတာအကောင်းဆုံးပါ။
အရသာကတော့ ပဲပိစပ်အချိုနှင့်ဆင်ကြောင်းပါ။ စိမ့်စိမ့်နှင့်အရသာလေးပြီး ချိုကြောင်းပါ။


 



ထားသောနှစ်အရေတွက်ပေါ်မူတည်ကာ အရောင်အနုအရင့်လည်း ကွဲလေ့ရှိပါတယ်။


ညာဘက်ကတော့ ဆိုင်တွေမှာရောင်းလေ့ရှိတဲ့မိဆိုဘူးပါ။
 ဒါကတော့ ဘယ်ဘက်က တနှစ်ထားထားတဲ့မိဆိုနှင့် ညာဘက်က နှစ်နှစ်ထားထားတဲ့မိဆိုပါ။

အောက်ဖော်ပြပါအထုပ်လေးများကတော့ ဂျပန်ရိုးရာ မိဆိုရှိရု ဟင်းချို ရယ်ဒီမိတ်တခါသောက် အနှစ်ထုပ်ကလေးများပါ။ ရေနွေးရောပြီး အသီးရွက်နည်းနည်း(ထည့်လိုက)ထည့်ပြီးချက်ချင်းသောက်ရုံပါပဲ။







ဒါကတော့ ခရုလေးတွေနှင့်အတူ ShiJiMi နှင့် ASaRi မိဆိုဟင်းချိုလေးတွေပါ။







ဒီလို နှစ်သက်ရာတွေထည့်ပြီးလည်း မိဆိုဟင်းချိုကိုသောက်လေ့ရှိကြပါတယ်။

အောက်ဖော်ပြပါပုံတွေကတော့ မိဆိုကို အသုံးပြုချက်ပြုတ်ထားသော ဂျပန် ဟင်းအမျိုးမျိုးရယ်ပါ။



အသား၊ ငါးတင် မကပါဘူး၊ ယခုလို တိုဖူး၊ သခွားသီး၊ မုန်လာဥဖြူ၊ ရွှေဖရုံသီးတို့လို အသီးနှံတွေကိုလည်း
မိဆိုအနှစ်တွေနှင့်စားလေ့ရှိပါတယ်။ များသောအားဖြင့် အရသာထပ်စပ်ထားတာများပါတယ။်







ဒါကတော့ ဂျပန်ရိုးရာ နာမည်ကျော် မိဆိုလာမန် (ခေါက်ဆွဲပြုတ်ရယ်ပါ)




အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♪♪♪

Saturday, October 16, 2010

နိုင်ငံရပ်ခြားပညာသင်ရာဝယ်

တနေ့က ဂျပန်တွင် ဂျပန်ဘာသာကျောင်းကို တက်ရောက်နေသော (.....)နှင့်စကားလက်ဆုံ
ကျသည်။

ဂျပန်မဟုတ်သောနိုင်ငံများဝယ် ပညာသင်ကြားခြင်းကို အတွေ့ကြုံလည်းမရှိသလို ကြားဖူးနားဝ
ဗဟုသုတလည်းမရှိတာမို့ သိပ်နားမလည်ပါ။

ဂျပန်ကတော့ ပညာတတ်တတ်၊ မတတ်တတ် နိုင်ငံခြားသားတစ်ဦးအဖို့ ငွေရှာရလွယ်သည်။
အချိန်ပိုင်းအလုပ်တွေ တနည်းဆိုရလျှင် အလုပ်ကြမ်းဟုပင် အကြမ်းဖျဉ်းခေါ်ရမည်ပင်။
၂၄နာရီ စတိုးဆိုင် ၀န်ထမ်း၊ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ပန်းကန်ဆေး၊ ဟိုတယ်များတွင်
သန့်ရှင်းရေး စသောအလုပ်များသည်ပင် တိုကျိုတွင် အနည်းဆုံး တနာရီလုပ်ခ ယမ်း၈၀၀ကျော်ခန့်
မြန်မာကျပ်ဖြင့်တွက်လျှင် တနာရီ ၉ထောင် တသောင်းနီးပါးခန့်ရတာမို့ တလလုပ်ခ သိန်း ဆယ်နှင့်
ချီကာ ရှာရလွယ်ပေသည်။

ဂျပန်တွင် တကယ်ပညာတတ်ကာ ကံလည်းကောင်းကာ စားပွဲပေါ်ထိုင် လခစား ကော်လာဖြူမြန်မာများ
လည်း မရှိသည်မဟုတ်၊ ရှိပါသည်။ သို့ငြား နိုင်ငံရေးဗီဇာ၊ အလုပ်ဗီဇာဝယ်ကာ လက်တွေ့တွင်
အချိန်ပိုင်းအလုပ်ဖြင့် စခန်းသွားနေသူများမှာလည်း တင်းကျပ်လာနေသော ဂျပန်လူဝင်မှုကြီးကြပ်ရေး
ဥပဒေများ၊ စစ်ဆေးမှုများအောက်တွင် ဒုနှင့်ဒေးရှိနေပါသေးသည်။

အချိန်ပိုင်းအလုပ်ကို မိမိအသုံးစရိတ် သုံးလိုသည်များအတွက်သာ အချိန်ပိုင်းမျှသာလုပ်ပြီး ပညာသင်ကြား
ရေးအတွက် ပြင်ဆင်မှုများ၊ လေ့လာမှုများပြုလုပ်နေသည်ကို ပညာတတ်တော့ကောအလုပ်ရနိုင်မှာမို့
လား၊ ဂျပန်မှာ လက်ရှိအခြေနေဟာ ဂျပန်နိုင်ငံသားတွေတောင် အလုပ်လက်မဲ့များနေ၊ ရှာရခက်နေတာ
လို့ ပြောတာမျိုးကို ဂျပန်နိုင်ငံမှာကြာရှည်စွာနေထိုင်လာပြီး တောက်လျှောက်အချိန်ပိုင်းအလုပ်လုပ်လာ
နေသော မိတ်ဆွေတဦးထံမှတောင် ယင်းသို့စကားကြားခဲ့ရဖူးပါသည်။

လောကမှာရှင်သန်မှုဟာ ဘာအတွက်လည်း..
ဘ၀ရဲ့ပြည့်စုံခြင်းဆိုတာရော ငွေကြေးဆိုတဲ့အရာတခုနှင့်မွမ်းမံထားနိုင်ခြင်းမျှသာပဲလား...
လူတွေ ကိုယ်စီ စိတ်ခံစားမှုတွေလည်း ကွဲပြားတာမို့ ...ဘာမှရယ်တော့မငြင်းလိုပါ..
မိမိဖြစ်ချင်သောလမ်းကြောင်းကို မိမိအကောင်ထည်ဖော်ကာ လိုတာရမှ ကာယကံရှင်ရဲ့ပျော်ရွှင်မှုဆိုတာ
ဖြစ်လာတာမျိုးမဟုတ်လားလို့ တွေးမိလို့ရယ်ပါ။

ဆိုရလျှင် ယင်းဂျပန်ဘာသာတတ်နေသော ခလေး(အမျိုးတော်ပါသည်) က နောက်နှစ်ကျောင်းအကူးမှာ
ဈေးပေါသောကျောင်းကို တတ်ပြီး လက်ရှိအချိန်ပိုင်းလုပ်နေသောစားသောက်ဆိုင်မှာ အလုပ်ဗီဇာရအောင်
လုပ်လိုသည် ဆိုတော့ စိတ်မကောင်းဖြစ်ရသည်။
အမျိုးလည်းဖြစ်၊ မြန်မာပြည်မှာ မိဘက ကြွယ်ဝသူမို့ အလိုလိုက်ခံခလေးတဦးက အလုပ်က နင့်နေအောင်
ဝင်သောငွေတွေကိုပဲမြင်ကာ အလုပ်၊ အလုပ်၊ အလုပ်ရယ်လို့ မဲကာ မဲကာ၊ အိပ်ချိန်လည်းနည်းပါး၊ စာဖတ်
ချိန်လည်း ဖဲ့မပေးနိုင်၊ စာလည်းမလုပ်ဖြစ်၊ ဒါကြောင့်မို့လည်း ဒီလိုပြောတော့ စိတ်ထဲ မချိတင်ကဲဖြစ်မိပါ
သည်။ ရောက်လာခါစက ဂျပန်ဘာသာ လယ်ဘယ်၂ ရအောင်ဖြေနော်၊ ကျောင်းကောင်းကောင်းတက် ၊
အလုပ်ကောင်းကောင်းရအောင်လုပ်လို့ ဆိုခဲ့သူ မိမိလည်း၊ လက်တွေ့မှာ ကြီးမြင့်လွန်းတဲ့ကျောင်းစရိတ်
ရောက်စအလုပ်မရှိလို့ မိဘကတောက်လျှောက်ပို့ပေးခဲ့တာတွေ၊ ကိုယ်တိုင်လည်း ဘာမှမကူညီနိုင်ပဲ
ကာယကံရှင်သာ မိမိဘ၀ မိမိရုံးကန်ရတာတွေ မြင်နေရသူမို့ ဘာစကားမှလည်း မဆိုနိုင်တော့ပါ။

လူတွေဟာ အကြံသာပေးလို့ရမည်လေ။ လက်တွေ့မှာ မိမိဘ၀ မိမိဘာသာ ရုန်းကန်ရပြီး
မိမိလျှောက်မည့်လမ်းကို မိမိဘာသာရွေးချယ်ကြသည်ကိုး။ ဒီအချိန်မှာ စာကြိုးစားလိုလည်း သူ့အတွက်
အချိန်မမီသည်မဟုတ်ငြား၊ အိမ်ကငွေထပ်တောင်းဖို့ဆိုတာလည်း မိဘတွေအတွက် ၀န်ဖြစ်စေမည်ထင်သလို၊ ငွေနှင့်ပညာကြား ငွေကိုအလွယ်ရွေးဖို့စဉ်းစားလိုက်သည်ဟုထင်ပါသည်။

မြန်မာပြည်မှာရှိစဉ် သူငယ်ချင်းအမျိုးမျိုးရှိပါသည်။ ငွေကြေးမတတ်နိုင်သော်ငြား စာကြိုးစားထူးချွန်သူတွေ
က ငွေကြေးမသုံးနိုင်လို့ နိုင်ငံရပ်ခြားပညာသင် မသွားနိုင်လို့ညည်းကြသည်။ (အစစအရာရာမထူးချွန်ပဲ တမျိုးတည်း ထူးချွန်သူများပါသည်။ ဆိုလိုသည်မှာ အစစအရာရာ ဥပမာ ဂျပန်စာ၊ အင်္ဂလိပ်စာ၊ တက္ကသိုလ်GPAကောင်းသူတွေကတော့ ပညာသင်ထောက်ပံ့ကြေးဆု ရနိုင်သောကြောင့် ဖြစ်သည်။ ယင်းသို့ ထူးချွန်မှုကြောင့်စကော်လာရပညာသင် မြန်မာကျောင်းသားများလည်း အတော်တွေ့ရပါသည်။) ငွေကြေးပြည့်စုံသူလေးတွေက မိဘအရိပ်အောက်မှာ အကောင်းဆုံး ဘာသာစကားကျောင်းတွေသွား၊ မိဘရဲ့ငွေတွေကုန်၊ စာတကယ်မကြိုးစားခဲ့လေသမျှ ဂျပန်ရောက်တော့ ထောင်ချောက်ထဲပိတ်မိသော သားကောင်လေးတွေလို ဖြစ်ကြသည်။ ရင်းလာခဲ့သော သိန်းရာကျော်အတွက် ပြည်တော်ပြန်ရန်လည်းခက်၊ ကျောင်းမှာစာတွေကလည်းခက်၊ နောက်နှစ်ကျောင်းလခနှင့်နေ၊စားစရိတ် သိန်းရာဂဏန်းစုမိဖို့ အချိန်ပိုင်းအလုပ်ကို မချစ်သော်လည်း အောင့်ကာနမ်းလို့၊ စာကျက်ဖို့အချိန်ကလည်းရှားပါးပြန်သည်။
မြန်မာပြည်မှာတော့ ဂျပန်သွား ကျောင်းတက်ပြီး ငွေရှာနိုင်လျှင်ပဲ အထင်တွေကြီးလို့ နိုင်ငံရပ်ခြားမှာ
ဘယ်လောက်ရုန်းကန်ရလည်း ဆိုတာတော့ ကာယကံရှင်သာ ခံစားရာအရာဖြစ်ပေသည်။

ကောလိပ်၊ တက္ကသိုလ်အဆင့်တွေပြီးတော့ ကျောင်းကဘာသင်လိုက်သလည်းတောင်ကောင်းကောင်း
နားမလည်လိုက်သူတွေလည်းရှိသည်။ သည်လိုဖြင့် အလုပ်ရဖို့၊ ဗီဇာဆက်ဖို့အရေးခက်ကြရပြန်သည်။

သည်ပို့စ်လေးဘာကြောင့်ရေးသလည်းဆိုတော့ အားလုံးကို အနာဂတ်ကောင်းစေချင်ပါသည်။
ဂျပန်လာမည် ကျောင်းလာတတ်မည်စိတ်ကူးလျှင် ဂျပန်ဘာသာကို အနည်းဆုံး လယ်ဘယ် ၂ သို့
၁အောင်တဲ့ထိလုပ်ပြီး လာစေချင်ပါသည်။ ဂျပန်မှာ ကော်လာဖြူမြန်မာတွေပြည့်နေတာ မြင်လိုစမ်းပါသည်
...

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

Saturday, October 9, 2010

ဂျပန်ဆေးများ Coloskin

တလောက ပွန်းရင်ရှရင် ထိခိုက်ရှနာအတွက်သုံးဖို့ ဆေးတဘူးဝယ်ပါတယ်။
ထိရှနာအပေါ် ဂျယ်လ်အကြည်လေးလို ခပ်ပါးပါးလေးလိမ်းလိုက်တဲ့အခါ ဖျတ်ခနဲ အတော်စပ်ငြား၊
ခြောက်သွားတဲ့အခါ ပလပ်စတစ်အလွှာပါးလေးတလွှာလို အသားနဲ့ကပ်ခါ အနာကိုလုံနေအောင်
ပိတ်ပေးထားပါတယ်။ ရေသုံးလည်း ရေမ၀င် တရက်၂ရက်ခန့်အထားခံပါတယ်။ ဒါကြောင့်အနာ
မြန်မြန်ကျက်ပါတယ်။
အမည်က ကိုလိုစကင်၊ အင်္ဂလိပ်လို Coloskin၊ ဂျပန်လို コロスキンလို့ခေါ်ပါတယ်။



ခုနောက်ပိုင်း ဆေးအမည်တွေနှင့်တဖြည်းဖြည်းယဉ်လာတာမို့ တော်ပါသေးတယ်။
ရောက်စကဆို ကိုယ်ဖြစ်တဲ့ဝေဒနာကို အမည်တပ်မပြောတတ်တာလည်း အတော်အဆင်မပြေပါဘူး။

ဂျပန်ဟာ ဆေးဝါးနှင့်ပတ်သက်ရင်လည်း အင်မတန်မှကို တင်းကြပ်စည်းကမ်းကြီးသောနိုင်ငံပါ။
နှာစေး၊ ခေါင်းကိုက်၊ ချောင်းဆိုး နှင့် သာမာန်အဖျားဆေးများဆိုလျှင် Dorakku Store(Drug Store)
 သို့ ဂျပန်အခေါ် Yakkyoku (薬局)လို့ခေါ်တဲ့ ဆေးဆိုင်ကြီးတွေမှာ မေးပြီး အလွယ်တကူဝယ်နိုင်ပေမဲ့
ဝမ်းကိုက်ခြင်း၊ ဆီးအောင့်ခြင်း၊ စသော ပိုးသတ်ဆေးအနည်းငယ်ပါမှဖြစ်တဲ့ဆေးမျိုးတွေကစလို့ ဆရာဝန်
ထောက်ခံစာပါမလာလျှင် ထုတ်ရောင်းပေးလေ့မရှိပါဘူး။ ယင်းအပြင် ကိုယ်ဝန်တားဆေးလိုဆေးမျိုးကို
လည်း ထောက်ခံစာမပါပဲ ရောင်းလေ့မရှိပါဘူး။

ရေးလက်စမို့ နှာစေး ခေါင်းကိုက် ဖြစ်တတ်တဲ့ရောဂါလေးတွေအမည်ကို ဂျပန်အခေါ်ဝေါ် တတ်သလောက်
ရေးလိုက်ပါဦးမယ်။

ဆေး - Kusuri - 薬- くすり

ခေါင်းကိုက်ခြင်း - ZuTsuu - 頭痛 - ずつう
အဖျားရှိသည် -NeTsu ga arimasu - 熱があります - ねつ が あります
အအေးမိသည် - KaZe ga hiku - 風がひく - かぜ が ひく - かぜ が ひいています。
ချောင်းဆိုးသည် - Seki ga deru - 咳が出る- せき が でる - せき が でています。
နှာမွှန်၊နှာချေခြင်း - KuShaMi - くしゃみ
နှာပိတ်ခြင်း - HanaTsumari -  鼻詰まり- はな つまり
နှာရည်ကျခြင်း - Hanamizu- 鼻水 - はな みず
လည်ချောင်းနာခြင်း - 喉が痛い- Nodo ga itai - のど が いたい
အသားပတ်ခြင်း - Hada are - 肌あれ- はだ あれ 

မျက်စဉ်းဆေး - 目薬 -MeGusuri - めぐすり
သွားကိုက်သည် - Ha ga itai desu- 歯 が 痛いです- は が いたいです。
ပလုတ်ကျင်းဆေး -Ugai Kusuri - うがい薬 - うがい くすり
ဆီးအောင့်ခြင်း - NyooTsuu - 尿痛- にょうつう
အမျိုးသမီးရာသီလာစဉ်ကိုက်ခဲခြင်း -SeiRiTsuu - 生理痛 - せいりつう
ကိုယ်ဝန်ဆောင်သည် -NinShin する - 妊娠する - にんしんする

ဗိုင်းရပ်စ် - Virus - ウイルス
ပိုးသတ်ဆေး - 殺菌剤 - さっきんざい
ပိုးသတ်ခြင်း - 殺菌 - さっきん
ပိုးသတ်ခြင်း - 消毒 - しょうどく
ပတ်တီးလိပ်(တိပ်) သို့ ပလတ်စတာPlaster - BanSouKou - 絆創膏 - ばんそうこう

ထိမိရှမိဒဏ်ရာ - 切り傷 - Kiri Kizu - きり きず
ပွန်းပဲ့ဒဏ်ရာ- 擦り傷 - Suri Kizu - すり きず
ယားနာကုတ်နာ - かき傷 - Kaki Kizu - かき きず
နှင်းခူရောဂါ - 湿疹 - ShisShin - しっしん
အဖုပိန့်ထွက်ခြင်း - Kabure - かぶれ
ပိုးမွှားတုတ်၊ကိုက်ခံရခြင်း - MushiSasare - むしさされ
ယားယံခြင်း - Kayumi - かゆみ

ဖိနပ်ပေါက်ခြင်း - 靴ずれ - Kutsu Zure - くつ ずれ

အကြောတက်ခြင်း - 肩こり - KataKori - かた こり
ကျောနာခြင်း - 腰痛 - YouTsuu - ようつう
ဗိုက်နာခြင်း - 胃痛 - Itsuu- いつう
အသောက်လွန်အစားလွန်ခြင်း - 飲みすぎ 食べすぎ-NomiSugi TabeSugi-のみすぎ たべすぎ
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း - 胸やけ- MuneYake - むねやけ
အစာကြေဆေး -消化の薬- ShouKa no kusuri- しょうか の くすり

လောလောဆယ် ခေါင်းထဲရှိသမျှနှင့် အိမ်ကဆေးပုံးဖွင့်လို့ တွေ့သမျှ ပေါ်လာသမျှ ရေးလိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

Friday, October 8, 2010

アンジェラアキ 手紙 အန်ဂျဲလာအခိ - ပေးစာ

လူငယ်ဆိုတဲ့ဘ၀ဟာ ပူပင်စရာတွေကင်းပြီး ပျော်ရွှင်စရာလို့တွေးဖူးတယ်။ သို့ငြား လူငယ်ဘ၀မှာလည်း
လူငယ်ဘ၀အလျှောက် မွန်းကြပ်မှု၊ အဆင်မပြေခဲ့မှုဆိုတာတွေရှိခဲ့မှာအမှန်ပါ။ အထူးသဖြင့်ကျောင်းတွေ
မှာ ကြီးနိုင်ငယ်ညှင်းတွေများတတ်တဲ့ ဂျပန်ကျောင်းတွေမှာ၊ အထူးသဖြင့် အလယ်တန်းနှင့်အထက်တန်း
အရွယ်တွေမှာပိုပြီး စိတ်ဖိစီးမှုနှင့် မွန်းကြပ်မှုတွေ ခါးသီးမှုတွေအထိုက်အလျှောက်ရှိနေတာကို ဒီသီချင်းလေးနားထောင်တော့ ပိုပြီးခံစားသိလိုက်ရသလိုပါပဲ။

ဒီအချိန်ပြန်တွေးမိတော့ လူငယ်ဘ၀ခါးသီးမှု၊ အခက်ခဲနှင့်မွန်းကြပ်မှုဆိုတာ အနည်းငယ်ရိုင်းသော်ငြား
ချောင်ပိတ်မိတဲ့ ခွေးလေးတကောင်လိုပါပဲလားလို့။ မိမိခြေပေါ်မိမိမရပ်တည်နိုင်၊ ဖြေရှင်းနိုင်တဲ့ကိုယ်ပိုင်
စွမ်းရည်မျိုးလည်းနည်းနေသေးတဲ့အချိန်ပေကိုး။ မိဘကောင်းနှင့်ခလေးမျိုးကတော့ အများကြီးသက်သာ
ရာ ရလိမ့်ပေငြား၊ မိဘဆိုးနှင့် ခလေးမျိုးဆိုလျှင်တော့ ချောင်ပိတ်ရိုက်ခံရတဲ့ခွေးလေးတကောင်လိုပါလား
လို့ တွေးမိပါတယ်။ ဂျပန်မှာ လူငယ် အိမ်ပြေးကလေးတွေအတော်များများရှိပါတယ်။

ဒီသီချင်းလေးကတော့ ဂျပန်အလယ်တန်းနှင့်အထက်တန်းကျောင်းသားလေးတွေကို သိပ်ကို စိတ်လှုပ်ရှား
စေပါတယ်။ သီချင်းအနှစ်ချုပ်ကတော့ အသက်၁၅နှစ်အရွယ်မိမိက နောင်တချိန်လူကြီးဖြစ်လာမယ့် မိမိထံ
ပို့ဖို့ရေးသားထားတဲ့စာပေးစာယူ စာကလေးတစောင်အကြောင်းပါ။


အလယ်တန်းကျောင်းသူလေးတွေရဲ့စိတ်လှုပ်ရှားမှုကိုရှုစားရင်း သီချင်းကိုဒီမှာနားဆင်နိုင်ပါတယ်။
ဒါကတော့ကျောင်းအခမ်းနားမှာကျောင်းသားတွေအုပ်စုလိုက်သီဆိုထားတာပါ။

 作詞:アンジェラ・アキ 作曲:アンジェラ・アキ
တေးရေးတေးဆို အိန်ဂျဲလာ အခိ

拝啓 この手紙読んでいるあなたは どこで何をしているのだろう
...သို့ ဒီစာလေးဖတ်နေတဲ့မင်းဟာ ဘယ်မှာ ဘာကိုများလုပ်နေပါလိမ့်

十五の僕には誰にも話せない 悩みの種があるのです
တစ်ဆယ့်ငါးနှစ်အရွယ် ငါ့မှာတော့ ဘယ်သူကိုမှမပြောပြနိုင်တဲ့ ခါးသီးနာကျင်မှုရဲ့အ(ရင်း)မြစ်လေးတွေရှိတယ
未来の自分に宛てて書く手紙なら
အနာဂတ်ထဲက ကိုယ့်ကိုယ်ကိုဆီကို လိပ်မူပြီး ရေးတဲ့စာဆိုရင်
きっと素直に打ち明けられるだろう
ကျိန်းသေ ရိုးသားစွာနဲ့ ရဲရဲဝင့်ဝင့်ဖွင့်ဟထုတ်ပြောနိုင်လိမ့်မယ်မဟုတ်လား

今 負けそうで 泣きそうで 消えてしまいそうな僕は
ခု ရှုံးနိမ့်တော့မလို ငိုတော့မလိုနဲ့ ပျောက်ကွယ်(အငွေ့ပျံ)လုနီးပါး ငါဟာ
誰の言葉を信じ歩けばいいの?
ဘယ်သူ့စကားကို ယုံမှတ်ပြီး ဆက်လျှောက်လှမ်း(ရင်ကောင်းလိမ့်မလဲ)ရပါ့မလဲ...
ひとつしかないこの胸が何度もばらばらに割れて
တစ်ခုတည်းသော ဒီရင်ဘတ်ဟာ အကြိမ်ကြိမ် တစစီ စုတ်ပြဲရင်းနဲ့
苦しい中で今を生きている
ခါးသီးမှုတွေထဲမှာ ရှင်သန်နေတယ်
今を生きている
ပစ္စုပန်(ယခု)ကို ရှင်သန်နေတယ်

拝啓 ありがとう 十五のあなたに伝えたい事があるのです
သို့ ကျေးဇူးတင်ပါတယ် တစ်ဆယ့်ငါးနှစ်အရွယ်မင်းဆီကို ပြောပြချင်တာရှိတယ်
自分とは何でどこへ向かうべきか 問い続ければ見えてくる
ကိုယ်တိုင်က ဘာနဲ့ ဘယ်ကိုဦးတည်သွားသင့်လည်းဆိုတာ ဆက်မေးခွန်းထုတ်နေမယ်ဆိုရင်
မြင်လာမှာပါ...

荒れた青春の海は厳しいけれど
ကြမ်းတမ်းတဲ့ နွေဦးရဲ့ပင်လယ်ဟာ ခက်ထန်နေပေမဲ့လည်း
明日の岸辺へと 夢の舟よ進め
မနက်ဖြန်ဆိုတဲ့ ကမ်းစပ်ကလေးဆီကို အိပ်မက်သဘောင်္ကြီးနဲ့ ရှေ့ဆက်ကာ
今 負けないで 泣かないで 消えてしまいそうな時は
လက်ရှိအချိန်မှာ အရှုံးမပေးနဲ့ မငိုပါနဲ့...ကွယ်ပျောက်သွားမလိုဖြစ်တဲ့အချိန်မှာ
自分の声を信じ歩けばいいの
မိမိရဲ့အသံ(မိမိကိုယ်ကိုအားပေးမှု)ယုံကြည်ပြီး ဆက်လျှောက်လှမ်းသွားရင်ရပါတယ်

大人の僕も傷ついて眠れない夜はあるけど
လူကြီးဖြစ်နေတဲ့ငါဟာလည်း ဒဏ်ရာတွေရလို့ မအိပ်နိုင်တဲ့ညတွေရှိပေမဲ့လည်းပဲ
苦くて甘い今を生きている
ခါးသက်ပြီး ချိုမြိန်တဲ့ လက်ရှိ(ပစ္စုပန်ကို)ရှင်သန်လို့နေပါတယ်..

人生の全てに意味があるから 恐れずにあなたの夢を育てて
လူ့ဘ၀ရဲ့အရာတိုင်းမှာအဓိပါယ်ရှိတာမို့ မကြောက်ရွံ့ပဲ မင်းရဲ့အိပ်မက်ကို ပျိုးထောင်ပြီး
Keep on believing
ဆက်လက်ယုံကြည်သွားပါ..

負けそうで 泣きそうで 消えてしまいそうな僕は
ခု ရှုံးနိမ့်တော့မလို ငိုတော့မလိုနဲ့ ပျောက်ကွယ်(အငွေ့ပျံ)လုနီးပါး ငါဟာ
誰の言葉を信じ歩けばいいの?
ဘယ်သူ့စကားကို ယုံမှတ်ပြီး ဆက်လျှောက်လှမ်း(ရင်ကောင်းလိမ့်မလဲ)ရပါ့မလဲ...

ああ 負けないで 泣かないで 消えてしまいそうな時は
အရှုံးမပေးနဲ့
မငိုပါနဲ့...ကွယ်ပျောက်သွားမလိုဖြစ်တဲ့အချိန်မှာ
自分の声を信じ歩けばいいの
မိမိရဲ့အသံ(မိမိကိုယ်ကိုအားပေးမှု)ယုံကြည်ပြီး
ဆက်လျှောက်လှမ်းသွားရင်ရပါတယ်

いつの時代も悲しみを避けては通れないけれど
ဘယ်အရွယ်ပဲဖြစ်ဖြစ် ၀မ်းနည်းမှုကိုရှောင်လွှဲပြီးတော့ ဖြတ်သန်းသွားလို့မရပေမဲ့
笑顔を見せて 今を生きていこう
အပြုံးမျက်နှာလေးလှစ်ဟပြီး လက်ရှိအချိန်(ပစ္စုပန်)ကို ရှင်သန်သွားကြရအောင်
今を生きていこう
လက်ရှိအချိန်(ပစ္စုပန်)ကို ရှင်သန်သွားကြရအောင်

拝啓 この手紙読んでいるあなたが
သို့ ဒီစာကိုဖတ်နေတဲ့မင်းဟာ
幸せな事を願います
ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပါတယ်

အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေ♪♪♪

Wednesday, October 6, 2010

အင်တာနက်

ဖြစ်ချင်တော့အိမ်ပြောင်း၊ ပြောင်းတော့လည်း သူက အစစအရာရာ စီစဉ်ရင်း အရေးကြီးတဲ့
အင်တာနက်သုံးခွင့်ကို လျှောက်ဖို့မေ့နေတော့ နီးမှကပ်လျှောက်တဲ့အခါ တပတ်လောက်
နောက်ကျသွားရပါတယ်။  သို့ငြား ပြောင်းပြီးတော့ ခရီးထွက်ပြန်တော့ အင်တာနက်လာချိတ်
ဖို့ကို ရက်ထပ်ဆုတ်ခိုင်းရပြန်တော့ အဲလိုနဲ့အင်တာနက်သုံးတာ နောက်ကျသွားရပါရောပေါ့။

ဖုံးကအင်တာနက်နဲ့ မေးလ်ထဲတော့ ခဏခဏ၀င်၊ ဘာမှမရှိမှန်းသိပေမဲ့လည်း အပျင်းပြေ
နှိပ်နှိပ်မိငြား မြန်မာစာဖတ်လို့မရတော့ ဘလော့ဂ်လည်းမဖတ်နိုင်ပါဘူး။

မနေ့ကတော့ အင်တာနက်မိုဒမ်းလေးလာချိတ်ပေးသွားပါတယ်။ မိုဒမ်းနဲ့ကြိုးလာသွယ်ပေးရုံပါပဲ။
ကွန်ပျူတာဆက်တင်ကတော့ မိမိဘာသာအကုန်ဆင်ရပါတယ်။
သူ့အလာကိုမစောင့်နိုင်တော့ တယောက်တည်းကြဲပါတယ်။

ဂျပန်မှာအင်တာနက်သုံးတဲ့အခါ လာဆင်ပေးတာက NTTအရှေ့ဂျပန်ကုမဏီပါ။
သည့်မတိုင်ခင် NTTက ချိတ်ပိတ်စာကလေး ကြိုရောက်နေပြီး ID နှင့်Access Keyကိုဖော်ပြထား
ပါတယ်။ စီဒီတချပ်တွဲပါပြီး စီဒီကလေးထည့်ပြီး မီနူးစာအုပ်ပါပါတာမို့ စာအုပ်ထဲကအတိုင်း
တဆင့်ချင်းလိုက်လုပ်ပါတယ်။

နောက်ဆုံးချိတ်ဆက်ခါနီး ချိတ်ဆက်ဖို့ အမည်နဲ့ နံပါတ်ထပ်တောင်းတော့ ကြောင်သွားပါတယ်။
NTTကစာအုပ်ထဲရှာတော့လည်း ID နှင့်Access Keyကလွဲလို့မတွေ့တာမို့ NTT service centre
ကိုဖုံးဆက်ပြီး မေးရပါတယ်။ အဲတော့မှ သူတို့က ဘယ် providerနဲ့လုပ်တာပါလည်းတဲ့။ အဲသည့်
က စာတစောင်သက်သက်လာတာမရှိဘူးလား အဲသည့်ထဲမှာပါပါတယ်တဲ့။

သြော..အင်တာနက်သုံးဖို့ကို အဆင့်ဆင့် ID နှင့် Password က နှစ်ဆင့်လိုသည်ကိုး။
ဂလိုနဲ့ စာအိတ်ရှာ အဲသည်လိုနဲ့ အောင်မြင်စွာချိန်ဆက်ပြီးချိန်မှာ မောပမ်းစွာဖြင့် အင်တာနက်
မသုံးဖြစ်တော့ကြောင်းပါ။

အဲလိုနဲ့ ပို့စ်ဦးပို့စ်ဖျားလေးတင်လိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

 

Saturday, September 18, 2010

ဂျပန်မှာအိမ်ငှားခြင်း Renting room in Japan

မနေ့ကပဲ တီဗွီမှာ ဂျပန်မှာ အရစ်ကျအိမ်ဝယ်တာနဲ့အိမ်ငှားတာ ဘယ်ဟာပိုကောင်းလည်းဆိုတဲ့
အစီစဉ်လေးတခုလာသွားပါတယ်။ ဒီပို့စ်လေးမှာတော့ အိမ်ခန်းငှားတာနှင့်စပ်လျဉ်းပြီးရေးသား
ပါမယ်။


အိမ်ခန်းငှားရာမှာ တိုက်ရိုက် အိမ်ခြံမြေအကျိုးဆောင်ရုံးခန်းသွားပြီး မျှော်မှန်းတဲ့အိမ်လခနှုန်း၊ ဘူတာ၊
ဘူတာမှဘယ်နှစ်မိနစ်၊ အခန်းဖွဲ့စည်းပုံ စသဖြင့်အသေးစိတ်ညှိနှိုင်းပြောဆိုလျှင် အကျိုးဆောင်မှ
ငှားရမ်းလိုသူဆန္ဒနှင့်ကိုက်ညီတာတွေ အရင်တအိမ်ချင်းစာရွက်နှင့်ပြပြီး ကြည့်လိုသောနေရာကို လိုက်လံပြသပေးလေ့ရှိပါတယ်။

သို့ငြားအကောင်းဆုံးအနေဖြင့် အကြံပေးလိုတာကတော့ ဂျပန်စာဖတ်တတ်မည်ဆိုလျှင် အောက်ပါ
နာမည်ကြီးဆိုဒ်များရှိပြီး၊yahooဆိုဒ်ထဲမှာ 不動産ဆိုတဲ့အိမ်ခြံမြေအကျိုးဆောင်ကဏ္ဍလေးရှိတာမို့
အဲသည်ထဲသွားရှာတာအကောင်းဆုံးပါ။ ရဟူးထဲမှာရှာလျှင် အိမ်ခြံမြေအကျိုးဆောင်အားလုံးရဲ့အခန်း
တွေကိုဖော်ပြပေးထားတာမို့ နှစ်သက်ရာအခန်းရွေးချယ်ပြီးနောက်မှာ ယင်းအိမ်ခန်းရဲ့တာဝန်ခံအကျိုး
ဆောင်ရုံးခန်းသို့ဆက်သွယ်ရုံသာဖြစ်ဧ။်။ ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေထဲနာမည်ကြီး
သီးသန့်ဆိုဒ်များကတော့
www.athome.co.jp
www.chintai.net တို့ပဲဖြစ်ပါတယ်။


ရှာဖွေရာမှာ ငှားရမ်းလိုသောဘူတာ၊ ဘူတာမှအိမ်သို့မိနစ်အကွာဝေး၊ မျှော်မှန်းသောအခန်းလခ၊
ယင်းအပြင် အခန်းပုံစံ၊ အကျယ်ဝန်း၊ ပါစေလိုသောဆားဗစ်စ်စသဖြင့် အသေးစိတ်အချက်လက်တွေနဲ့ သတ်မှတ်ပြီး ရှာဖွေနိုင်တာမို့ အချိန်ကုန်လည်းအလွန်သက်သာ ဆုံးဖြတ်သုံးသပ်ရလည်းလွယ်ကူ
သက်သာပါတယ်။

အခန်းငှားရမ်းရာမှာ အခြေခံအားဖြင့်ကျသင့်ငွေများကတော့

1. ရှိခိကင်း(敷金) ပေးရငွေ
   Shikikinဆိုတာကတော့ အိမ်စပေါ်သဘောပါ။ အိမ်ပြန်အပ်တဲ့အခါ အခန်းကိုစစ်ဆေးကြည့်ရှုပြီး
   ပျက်စီးဆုံးရှုံးတာတွေရှိလျှင် လျော်ရမယ့်အတွက် ကြိုယူငွေပါ။ မြန်မာထုံးစံအရဆိုလျှင်တော့ ပြန်ရတာ
   များပါတယ်။ သို့ငြားဂျပန်မှာတော့ အခန်းတခန်း နှစ်ချီကာ တခါငှားရမ်းပြီးလျှင် အိမ်ကိုပြင်ဆင်မွမ်းမံ
   သန့်ရှင်းရေးပြန်လုပ်တာ ထုံးစံလိုမို့ ပြန်မရတာ ၉၀ရာခိုင်နှုန်းကျော် ထုံးစံလိုဖြစ်နေပါတယ်။
(အိမ်ကောင်းရင်ကောင်းသလို အိမ်လခရဲ့ ၁လစာ၊ ၂လစာ စသဖြင့်ပေးရပြီး လတ်တလောမှာတော့
စီးပွားကျကပ်နှင့်အတူ ရှိခိကင်း ဇီးရိုးဆိုပြီး မပေးရသောအိမ်တွေလည်း အတော်များလာပါတယ်။ သို့ငြား
အထူးသတိထားသင့်တာကတော့ ရှိခိကင်းရဲ့သဘောဟာ အိမ်ပျက်စီးဆုံးမှုအတွက် လျော်ကြေးသဘော
မို့ ရှီခိကင်းဇီးရိုးနှင့်အိမ်တွေငှားရမ်းလျှင် အိမ်ပြန်အပ်တဲ့အခါ ပျက်စီးပြုပြင်မှုအတွက် သီးသန့်မပျက်
မကွက် ကျသင့်ငွေလျော်ပေးရတာမို့ ဆင်ဖိုးထက်ချွန်းဖိုးကြီးသွားတာမျိုးကြုံလေ့ရှိတာမို့ ရှီခိကင်းကို
ပေးထားရတဲ့အိမ်ဟာ ပြန်အပ်တဲ့အခါ နောက်ကြောင်းရှင်းပါတယ်။
နောက်တခုက ရှီခိကင်းပေးရပေမယ့်လည်း အိမ်ပြန်အပ်တဲ့အခါ သန့်ရှင်းရေးခကို မိမိဘာသာပေးချေ
ရမယ်လို့ သတ်မှတ်ချက် သီးသန့်ထည့်သွင်းထားတဲ့ အိမ်မျိုးတွေလည်းရှိတတ်ပါတယ်။)

2. လဲကင်း(礼金) ပေးရငွေ
  မိမိအပါဝင် နိုင်ငံခြားသားအများစုနားမလည်နိုင်တဲ့ ဂျပန်ရိုးရာအစဉ်လာကျင့်သုံးတဲ့စနစ်တခုဖြစ်ပြီး
  အိမ်ရှင်ကို ကျေးဇူးတင်ခဆိုပြီးပေးရငွေပါ။ ယင်းကတော့၁၀၀ရာခိုင်နှုန်းပြန်မရပါ။ 
  (အိမ်လခရဲ့၁လစာ၊ ၂လစာ စသဖြင့်ရှိပြီး ယခုနောက်ပိုင်း လဲကင်းဇီးရိုးအိမ်တွေလည်းများပါတယ်။)

ကိုယ်ပိုင်အကြံပြုလိုတာကတော့ ရှီခိကင်း ၁လစာ၊ လဲကင်း၁လစာပေးရတဲ့အိမ်ရှာတာကောင်းမယ်လို့
ထင်ပါတယ်။ အခြားတချက်က ရှီခိကင်း၊ လဲကင်းမပေးရသောအိမ်တွေဟာ ဟောင်းတာတွေများပါတယ်။

3. 管理費 KanRiHi
   ဒါကတော့ မြန်မာပြည်က ကွန်ဒိုတွေမှာ တလဘယ်လောက်ဆိုပြီး တိုက်ကိုကြီးကြပ်စောင့်ရှောက်ခ
   ပေးရသလိုမျိုးပါ။ သာမန် အိမ်ဟောင်းနှင့် Apartmentတွေဆိုလျှင် အိမ်ကိုစောင့်ကြပ်သူမရှိသလို
   မပေးရတာများပေမဲ့ မန်ရှောင်လို့ခေါ်တဲ့ တိုက်ခန်းကောင်းကောင်းတွေမှာတော့ ပေးရလေ့ရှိပါတယ်။
   တစ်လ ၂ထောင်ခန့်မှစလို့ အိမ်ကောင်းတာပေါ်မူတည်ပြီး သောင်းကျော်ခန့်ပေးရပါတယ်။

4. မိတ်ဆက်ကြေး
   ဒါကတော့ အိမ်ခြံမြေအကျိုးဆောင်ကိုပေးရငွေပါ။ အများအားဖြင့်အိမ်လခ တလခ၀န်းကျင်ခန့်ပါ။

5. အိမ်အာမခံကြေး
   အိမ်ဟာ မီး၊ ရေ၊ လေစသောဘေးတွေအတွက် ထားရသော အာမခံပါ။
   တနှစ်ကို တသောင်းဝန်းကျင်ခန့်ရှိပါတယ်။ မထားရသောအိမ်တွေလည်းရှိပေမဲ့ ဂျပန်အများစုဟာ
   မပျက်မကွက်ထားလေ့ရှိပါတယ်။ မထားမနေရ သတ်မှတ်ထားတာမျိုးများပါတယ်။

ဒီမှာတခါတည်းဆက်စပ်ပြီး ဖော်ပြချင်တာကတော့ အိမ်ငှားသက်တမ်းပါ။ အများအားဖြင့် ၂နှစ်သက်တမ်း
များပြီး၊ တနှစ်ရှိသလို ၃နှစ်လည်းရှိတတ်ပါတယ်။ တခါတရံ ၃လ ၆လ စသဖြင့်လည်းရှိတတ်ပါတယ်။
ယင်းစာချုပ်ပေါ်မူတည်ပြီး နှစ်ပြည့်လို့ ဆက်နေချင်တယ် သက်တမ်းတိုးချင်တယ်ဆိုလျှင် သက်တမ်းတိုးခ
ဘယ်လောက်ဆိုပြီး စာချုပ်မှာတခါတည်း သတ်မှတ်ထားလေ့ရှိပါတယ်။ အများအားဖြင့်ကတော့ ထပ်မံ
အသစ်သတ်မှတ်မယ့် အိမ်ခန်းငှားခရဲ့၁လခစာခန့်ပါ။

6. အိမ်ခန်းငှားခ တလကြိုပေးရငွေ တလစာ။

ဒါကတော့ မပေးချေမဖြစ် ပေးချေရသော အိမ်ခန်းငှားလျှင် ကနဦးကုန်ကျမည့်ငွေပမာဏပါ။
နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးအချက်တခုကတော့ အာမခံပေးမည့်သူတစ်ဦးရှိရပါတယ်။
မိမိက အလုပ်ဗီဇာဖြင့်နေလျှင် မိမိကုမ္ပဏီကို အာမခံလုပ်လို့ရတာ ထုံးစံဖြစ်ငြား အလုပ်မရှိလျှင်
သီးသန့်အာမခံပေးမည့်သူကို ထားရှိရပါတယ်။
ယင်းအာမခံသူဟာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြဿနာတခုခုဖြစ်လျှင်တာဝန်ခံရမည့်သူဖြစ်ပါတယ်။
ဂျပန်ထုံးစံဟာ မနိုင်ဝန်လို့ထင်လျှင် အစတည်းက ချိုချိုနှင့်ပြတ်ပြတ်သားသားငြင်းတတ်လေ့ရှိတာမို့
တော်ရုံခင်မင်ရင်းနှီးရုံဖြင့် ဂျပန်များဟာ အာမခံလုပ်လေ့မရှိကြပါဘူး။

ဒီအတွက် မြန်မာအများစု အိမ်ခန်းငှားလိုလျှင် အလုပ်အကိုင်ရှိသူ မြန်မာချင်းဖြစ်စေ၊ ဂျပန်နိုင်ငံသားကို
ဖြစ်စေ ဥာဏ်ပူဇော်ခ သီးသန့်ပေးပြီး လုပ်လေ့ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။

အချို့အိမ်တွေမှာ ဂတ်စ်မီးဖိုတွေတွဲရက်ပါသလို မပါလျှင် မီးချောင်း စတာတွေကို မိမိဘာသာ ၀ယ်ယူ
တပ်ဆင်ရပါတယ်။ အခန်းလွတ်ကိုသာ ငှားရမ်းခြင်းဖြစ်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

Shibuya ဂျပန်က အထင်ကရ ရှီဘူယ

Shibuya လို့ Google Image မှာရိုက်ထည့်လိုက်ရင် မီးပွိုင့်လမ်းဆုံမှာ လူတွေအများကြီးဖြတ်ကူးနေတဲ့
ပုံတွေအများကြီး ပေါ်လာလေ့ရှိတယ်။ ဂျပန်ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေစုဝေးရာနဲ့ လူငယ်တွေစုဝေး
ရာ အထင်ကရ အစည်ကားဆုံး မြို့နှစ်မြို့က Shinjuku ရှင်ဂျုကုနဲ့ Shibuyaပဲဖြစ်တယ်။

နောက်ထင်ရှားတဲ့မြို့တစ်ခုကတော့ Akihabara အာခိဟဘရ လို့ခေါ်ပြီး ဂျပန်ရဲ့ လျှပ်စစ်မြို့တော်လို့
တင်စားခေါ်ဝေါ်ပါတယ်။ လျှပ်စစ်နှင့်ITဆက်နွယ်ပစ္စည်းတွေရောင်းချသော ဈေးတန်းကြီးများရှိတဲ့မြို့ပါ။
ယင်းအပြင် ဂျပန်က ကာတွန်းဝါသနာရှင်များစုဝေးရာ နေရာလည်းဖြစ်တယ်။

နောက်မြို့တစ်ခုကတော့ Ginza ဂင်ဇာ။ သူကတော့ သူဌေးမြို့လို့ဆိုရမည်။ ကမ္ဘာ့အကောင်းဆုံးအရက်
ဆိုတာမျိုးက ဂင်ဇာမှာရနိုင်သည်။ ကမ္ဘာ့နာမည်ကြီး Brand ဆိုသော ဆိုင်ကြီးတွေခမ်းနားစွာတည်ရှိ
သည်။ နာမည်ကျော် ဆိုတာတွေ ခမ်းနားမှုတွေ ပြည့်လျှမ်းစွာရှိသောမြို့ဟုဆိုရမည်။

သို့ငြား ရှီဘူယကတော့ မီးပွိုင့်မှာလူတွေအများကြီး ပုရွက်ဆိတ်အုံကြီးလိုလမ်းဖြတ်ကူးလေ့ရှိသလို
ဘူတာအဆောက်ဦးပေါ်ကနေ မှန်အကြည်တွေကြားက လှမ်းမြင်ရတာမို့ မီးပွိုင့်လမ်းကူးချိန်ကိုစောင့်ပြီး
ဓါတ်ပုံရိုက်လေ့ရှိတဲ့နိုင်ငံခြားသားအများစုကိုလည်း အမြဲလိုလို တွေ့ရလေ့ရှိတယ်။

ဒီမနက် လူသိပ်မများပေမဲ့ ရိုက်လာတဲ့ဓါတ်ပုံကို အကြံကုန်ဂဠုန်ဆားချက် ပို့စ်တင်လိုက်ပါတယ်။



တခြားမြို့တွေကတော့ ဆက်လေ့လာလိုက်ဦးပါမယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

Saturday, September 4, 2010

ဆောင်းတွင်းရဲ့ရေအိမ်အဖုံး

ခုဆို ဂျပန်မှာ နွေအလွန် ဆောင်းဦးအကူးပေါ့
သို့ငြားလူအတော်များများနွေအ၀တ်စားတွေဝတ်နေဆဲ
၉လပိုင်းကုန်ခန့်အထိ ပူနေဦးမှာဖြစ်ကြောင်း
မိုးလေ၀သသတင်းတွေကလည်း ကြေငြာကြတယ်။

ဂျပန်က ရာသီဥတုအပူအအေးခြားနားမှု ပြင်းထန်တာကြောင့်
အ၀တ်စားဆိုလည်း နွေဝတ်နဲ့ဆောင်းဝတ်က မှားဝတ်လို့ကိုမဖြစ်ပဲ
အခြားနားကြီးခြားနားပါတယ်။ ဒါကြောင့်ရာသီဝတ်အသုံးဆောင်တွေကို
အဲသည့်ရာသီပြီးခါစမှာ ဈေးတွေချလေ့ရှိပါတယ်။ အဲလိုအချိန်ဝယ်ထားရင်
သုံးရတန်ပါတယ်။ အဲလိုနဲ့ လျှော့ဈေးတွေချနေတဲ့ ဆိုဒ်ထဲဟိုကြည့်သည်ကြည့်
လုပ်ရင်း ဆောင်းရာသီသုံး ရေအိမ်အစွပ်လေးတွေသွားတွေ့ပါတယ်။

ရေအိမ်အစွပ်ဆို ပြီးခဲ့တဲ့ဆောင်းတွင်းက ယူပုံစံကို အိုပုံစံမှားဝယ်လာတာမို့
သုံးမရဖြစ်ဖူးတာ သတိသွားရမိတယ်။
နေတာကြာသူတွေတော့ သိမှာပါ။ သို့ငြားအင်တာနက်မှာဝယ်လျှင်
ဆိုဒ်ရွေးရခက်တဲ့အခါ၊ ဂျပန်လိုတွေလိုက်ဖတ်ရတာမျက်စိနောက်တယ်
သို့ ဖတ်ရခက်တယ်လို့ ထင်တဲ့သူတွေအတွက်
ခုလည်း ဆောင်းဝင်ဖို့အတော်လိုသေးပေမဲ့
သတိရတုန်း ပို့စ်တင်လိုက်ပါတယ်။

ဂျပန်မှာ လျှပ်စစ်နဲ့အနွေးပေးရေအိမ်တွေလည်းရှိပေမဲ့ အိမ်အတော်များများမှာ
ဒီလို မွှေးပွ အစွပ်လေးတွေသုံးကြတာတွေ့ရများပါတယ်။


ဘယ်ဘက်က အို သို့ ယူ ပုံစံလို့ခေါ်ပြီး ညာဘက်ကတော့နောက်ပိုင်းပေါ်တဲ့ပုံပါ

 
ဒါကတော့ အို၊ ယူ နဲ့ ရေနွေးပါသုံးနိုင်တဲ့စက်ကလေး၃ပုံပါ။


ယူပုံစံပါ


အိုပုံစံပါ


ရေနွေးပါသုံးနိုင်တဲ့ ရေအိမ်ပုံစံပါ


အဖုံးပါ

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪


Wednesday, August 25, 2010

ဂျပန်က အ၀သောက် Drink Bar

ဂျပန်ခေတ်ကောင်းခဲ့စဉ်က Family Restruantလို့ခေါ်တဲ့ファミリ・レストランစားသောက်ဆိုင်
တွေဟာ တနိုင်ငံလုံး အရေတွက်များစွာဖွင့်လှစ်ခေတ်စားခဲ့ဖူးပါတယ်။ အများအားဖြင့် နေရာ
ကျဉ်းကျဉ်းဆိုင်တွေရှိပြီး ဥပမာ ခေါက်ဆွဲဆိုင်၊ထမင်းပန်းကန်လုံးဆိုင်တွေလိုမျိုးဆိုရင်
တနေရာစာလေးကို ကျုံ့ထိုင်၊ မြန်မြန်စားပြီး တန်းစီနေသူတွေအားနာလို့ မြန်မြန်ထွက်ပေးရတာ
မျိုးပါ။
အရက်နှင့်စားသောက်ဆိုင်အများစုဖြစ်တဲ့ဂျပန်မှာ ခလေးတွေနှင့်အတူ မိသားစုလိုက်
အတူအေးအေးဆေးစားနိုင်ဖို့ရည်ရွယ်ပြီး Family Restruantတွေ စတင်ဖွင့်လှစ်လာတယ်
လို့ဆိုပါတယ်။
စီးပွားရေးကျပ်လာတာနှင့်အမျှ ယခင်ကနှင့်ယှဉ်လျှင် မိသားစုစားသောက်ဆိုင်တွေ
များစွာ လျော့နည်းသွားပြီလို့ဆိုရပေမယ့်လည်း ခုတလောခေတ်စားလာတာကတော့
အဖျော်ယမကာ အ၀သောက်စနစ်တခုပါ။ ဂျပန်အခေါ်ကတော့ dorinku-baa
ドリンク・バー အင်္ဂလိပ်အခေါ် Drink Bar ကနေလာခြင်းပါ။

သူငယ်ချင်းတွေ၊ မိသားစုတွေနှင့် စားသောက်ကြတဲ့အခါ နေရာကျယ်ကျယ်ဝန်းဝန်းနှင့်
အချိန်ကြာကြာ စကားပြောလိုက်၊ စားစရာတွေကုန်သွားလည်း သောက်ရင်းပြောရင်း
လုပ်မယ်ဆိုအတော်အဆင်ပြေပါတယ်။
အ၀သောက်ဈေးနှုန်းကတော့ အခြား အစားစာ မမှာစားလျှင် တဦး ၃၅၅ ယမ်းခန့်
အခြားအစားသောက်လည်းမှာစားပြီး Drink Barမှာလျှင် တဦး ၂၀၈ ယမ်းခန့်ပါ။
ထုံးစံအတိုင်း ကိုယ်တိုင်ထည့်စနစ်ပါ။ ဓါတ်ပုံလေးတွေဝေမျှလိုက်ပါတယ်။





သက်သာပေမဲ့ စားလို့ကောင်းတဲ့ စားသောက်ဆိုင်အချို့ကတော့
ဆိုက်ဇေးရီးယား Saizeria サイゼリア ကတော့ အီတလီအနွယ်စားသောက်ဆိုင်ပါ။
ညပိုင်းဆို ဘီယာ၊ ၀ိုင်စတာတွေပါရတာမို့ အုပ်စုလိုက်သွားလို့လည်းအဆင်ပြေပြီး
အသက်သာဆုံးလို့ဆိုရမှာပါ။

အခြားမိသားစုစားသောက်ဆိုင်များကတော့




အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေ♪♪♪

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates