မိဆို ဆိုတာ ဂျပန်ရိုးရာ ပဲအနှစ်တမျိုးပဲဖြစ်ပြီး မိဆိုရှိရု 味噌汁 Misoshiru လို့ခေါ်တဲ့ ဂျပန်ရိုးရာ
ဟင်းချိုလေးနှင့်အတူ ဟင်းအမျိုးအစားပေါင်းမြောက်များစွာမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။
ခရမ်းသီးမိဆိုနှပ်၊ အသားမိဆိုပေါင်း၊ မိဆိုလာမန်(ခေါက်ဆွဲပြုတ်)၊ မိဆိုအုဒွန်း(ဆန်ခေါက်ဆွဲလုံးကြီး)၊
မိဆိုအနှစ်၊ မိဆိုအရသာဆော့စ် စသဖြင့်ရယ်ပါ။
မိဆို ဟာ ဂျပန်လို 大豆 အင်္ဂလိပ်လို Soybean ခေါ် Soya bean လို့ခေါ်ဝေါ်တဲ့ အောက်ဖော်ပြပါပုံရှိ
ပဲကို ပြုလုပ်ထားခြင်းရယ်ပါ။ ဂျပန်လို ပြုလုပ်နည်းဖတ်ကြည့်တဲ့အခါ
၁။ပဲကိုရေဆေးပြီး ပဲရဲ့ပမာဏကို ရေ၃ဆထည့်ပြီး တညရေစိမ်ထားပါတယ်။
၂။အိုးထဲရေနှင့်အတူထည့်ပြီး ပြုတ်ရင်း အမြုပ်တက်လာတွေကို ဖယ်ပစ်ပါတယ်။
၃။ ပြီးတော့အမြုပ်ကုန်သလောက်ရှိတဲ့အခါ ပိုနူးအောင် ထမင်းပေါင်းအိုးထဲထည့်ပြီး တညခန့် အပူပေးထားတယ် လို့ ဆိုပါတယ်။ မြန်မြန်နူးအောင်ပြုတ်နိုင်ဖို့ရာလို့ဆိုပါတယ်။
၎။ပြီးနောက် ပဲကိုလက်ဖြင့်ခြေလို့အဆင်ပြေနိုင်လောက်တဲ့ရေပမာဏခန့်မှန်းထည့်ပြီး ၃၊ ၄နာရီ
ပြုတ်ပါတယ်။
၅။သည့်နောက်ပိုးသတ်ထားသော မစ်ဆာနှင့် ကြိတ်ပါတယ်။ ပြီးနောက် ဆားနှင့်
米麹(こめこうじ)ခေါ် Fermentation လုပ်ထားတဲ့ဆန် (တစေးဖောက်ထားတဲ့ဆန်မှုန့်)ထည့်ပါတယ်။
ဥပမာဒိန်ချဉ်ပြုလုပ်တဲ့အခါ နို့ထဲကို ချဉ်ပြီးသားနှင့်အချဉ်ဖောက်ရန်ဘတ်တီးရီးယားပါပြီးသား ဒိန်ချဉ်အနည်းငယ်ထည့်သလိုပါပဲ။
米麹(こめこうじ)ခေါ် Malted Rice ပြုလုပ်နည်းကဒီမှာကြည့်နိုင်ပါတယ်။
မြန်မာလိုမသေချာတာမို့သိလျှင်သင်ပေးသွားဖို့မေတ္တာရပ်ခံပါတယ်။ :)
ပြီးနောက်နှံ့အောင်နှယ်ပါတယ်။
၆။သည့်နောက်နှံ့အောင် မိဆိုအနည်းငယ်မာလာသည်အထိနယ်ပြီး
၇။အလုံးလေးတွေလုံးပါတယ်။
၈။ ပိုးသတ်ထားတဲ့အဇလုံ သို့ အိုးကြီးကြီးထဲထည့်ပြီး
၉။အပေါ်ဆုံးမှာ ဆားဖြူးကာ၊
၁၀။လေလုံအောင် ပလပ်စတစ်နှင့်ပိတ်ပါတယ်။
၁၁။ယင်းနောက်အပေါ်က စက္ကူနှင့်ဖုံး ၊ ကြိုးဖြင့်လုံအောင်ချည်ပါတယ။်
၁၂။တလကြာတဲ့အခါ ပိုးသတ်ထားသောယောင်းမနှင့် တခါဖွင့်ပြီး (ဆားရေတွေထွက်လည်း) ရောနှောပြီး နှံ့အောင်မွှေပေးပါတယ်။
မွှေတဲ့အခါမှာ မမွှေခင် မိဆိုအပေါ် မှိုတက်နေတာလေးတွေရှိ၇င် ဖယ်ပေးရပါမယ်။
၁၃။ပြီးလျှင် ပိုးသတ်ဆေးဖြန်းပြီး တခါ အထက်ပါအတိုင်းလေလုံအောင်ဖုံးပြီးထားရပါမယ်။
၁၄။နှစ်ဝက်လောက်ကြာတဲ့အခါကစလို့စားလို့ရကြောင်းပါ။
ဂျပန်မှာရှိနေရင်တော့ ၀ယ်စားတာအကောင်းဆုံးပါ။
အရသာကတော့ ပဲပိစပ်အချိုနှင့်ဆင်ကြောင်းပါ။ စိမ့်စိမ့်နှင့်အရသာလေးပြီး ချိုကြောင်းပါ။
ထားသောနှစ်အရေတွက်ပေါ်မူတည်ကာ အရောင်အနုအရင့်လည်း ကွဲလေ့ရှိပါတယ်။
ညာဘက်ကတော့ ဆိုင်တွေမှာရောင်းလေ့ရှိတဲ့မိဆိုဘူးပါ။
ဒါကတော့ ဘယ်ဘက်က တနှစ်ထားထားတဲ့မိဆိုနှင့် ညာဘက်က နှစ်နှစ်ထားထားတဲ့မိဆိုပါ။
အောက်ဖော်ပြပါအထုပ်လေးများကတော့ ဂျပန်ရိုးရာ မိဆိုရှိရု ဟင်းချို ရယ်ဒီမိတ်တခါသောက် အနှစ်ထုပ်ကလေးများပါ။ ရေနွေးရောပြီး အသီးရွက်နည်းနည်း(ထည့်လိုက)ထည့်ပြီးချက်ချင်းသောက်ရုံပါပဲ။
ဒါကတော့ ခရုလေးတွေနှင့်အတူ ShiJiMi နှင့် ASaRi မိဆိုဟင်းချိုလေးတွေပါ။

ဒီလို နှစ်သက်ရာတွေထည့်ပြီးလည်း မိဆိုဟင်းချိုကိုသောက်လေ့ရှိကြပါတယ်။
အောက်ဖော်ပြပါပုံတွေကတော့ မိဆိုကို အသုံးပြုချက်ပြုတ်ထားသော ဂျပန် ဟင်းအမျိုးမျိုးရယ်ပါ။
အသား၊ ငါးတင် မကပါဘူး၊ ယခုလို တိုဖူး၊ သခွားသီး၊ မုန်လာဥဖြူ၊ ရွှေဖရုံသီးတို့လို အသီးနှံတွေကိုလည်း
မိဆိုအနှစ်တွေနှင့်စားလေ့ရှိပါတယ်။ များသောအားဖြင့် အရသာထပ်စပ်ထားတာများပါတယ။်
ဒါကတော့ ဂျပန်ရိုးရာ နာမည်ကျော် မိဆိုလာမန် (ခေါက်ဆွဲပြုတ်ရယ်ပါ)
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♪♪♪
9 comments:
Miso ကို ဒီရောက်မှစားဖူးပါတယ်။ ကျမယောင်္ကျားကတော့ တော်တော်
ကြိုက်ပါတယ်။ ဟင်းချက်နည်းစိတ်ကူးသစ်လေးတွေရလို့ ကျေးဇူးတင်ပါတယ်။
မ(Shinlay)ရေ
ချက်တတ်ရင် မိဆိုက အချိုမှုန့်မလိုပဲ တကယ်ကို ကောင်းပါတယ်။ ဟင်းချိုတွေဆိုလည်း မိဆိုထည့် ဆားနည်းနည်းထည့် အသီးရွက်ထည့်ရုံနဲ့ကို ပဲပိစပ်ဟင်းချိုတခွက် ချက်ချင်းသောက်နိုင်ပါတယ်။
မရဲ့အမျိုးသားကို လက်စွမ်းပြလိုက်နော်။
:)
မရှင်လေးပြောသလိုပဲ ဒီရောက်မှစားဖူးတာ....ပဲပုပ်လိုက်ရှာရင်း တွေ့တာလေ...အိမ်မှာကျန်သေးတယ်...ဂျင်းပြန်ထည့်ထောင်းပြီးခေါက် လျံဖွန်းချဉ်ငံစပ်လုပ်စားတယ်လေ...တဗူးဆိုတော်တော်နဲ့မကုန်ဘူး...ခုတော့အိုင်ဒီယာရပြီ...ကျေးဇူးပဲ..လျှောက်လုပ်စားကြည့်ဦးမယ် :)
ညီမ ရေ
စားချင်စရာလေးတွေနော် မြန်မာ ငါးပိနဲ့ တူတယ်ထင်တယ် စားစရာလေးတွေလည်း ကြည့်သွားပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မိဆိုအားလုံးထဲမှာ မိဆိုလာမန်ကို အကြိုက်ဆုံး...။ လုပ်နည်းလေး ပြောပြတာ ကျေးဇူးနော်။ ဒါပေမယ့် ကျော်ညီမလေး လုပ်ထားတာပဲ လာစားချင်တာ။ ဒီတစ်ခါ ကြုံရင် စားခွင့်ပေးပါ :D
original လက်ရာလည်းပြောပြဦးနော်။ သားလေးနဲ့ ကျွန်မကတော့ မီဆော နေ့တိုင်းသောက်တယ် ညီမရေ။
ဟင်းချိုဆိုရင်တော့ အာဝါ့ဆဲ။ ဟင်းချက်ရင်တော့ အာကာ့မီဆော။ ရှီရိုမီဆောကိုတော့ စားဖြစ်တာနည်းတယ်။
ယောက်ျားကတော့ မီဆောဆို မီဆောလားမန် တစ်မျိုးကိုတော့ သူကြိုက်တယ်။
ညီမရေးတာဖတ်ပြီး ဒီကော်မန့်ရေးရင်း တံတွေးတောင်မြိုချလိုက်ရပြီ။
အခုလိုအေးနေတဲ့အချိန်ညဘက်ဗိုက်ဆာရင်လည်း သောက်လို့ကောင်းတယ်နော်။
ကွန်မန့်လာပေးတဲ့အမတွေအားလုံးကျေးဇူးပါ
မနွယ်လေးနဲ့ မချောရေ
ညီမဆို ဆောင်းတွင်း အေးအေးနဲ့ soupကို နေ့တိုင်းသောက်ချင်ပြီး နေ့တိုင်းမချက်ချင်တော့ ရေနွေးပွက်ပွက်ဆူအောင်တည် အသီးရွက်လေးတွေလှီးထည့်အုပ်ပြီး အပေါ့ငန် နည်းနည်းထပ်ပိုးပြီး သောက်နေကျလေ။
မညနဲ့ မမရွှေစင်ရေ
မိဆိုလာမန်လုပ်နည်းသင်ထားဦးမယ်။ လုပ်ကျွေးတတ်အောင်လို့ :P
မမရွှေစင်ကလည်း အစားကောင်းကြိုက်တော့ ;)
မမွန်ကတော့ မိဆိုဆရာကြီးပဲဖြစ်မယ်။
မမွန်ရေးမယ် အာက နဲ့ ရှိရို ခေါ်ကြသေးတာ သတိရမိတယ်
:D
味噌汁 ပါတာဆို အကုန်ကြိုက်တယ်..။
ကျေးဇူးနော်..။
အမအရင်တုန်းကဆို မီဆိုဟင်းချိုမကြိုက်ဘူး..နောက်တော့ သောက်ရင်းနဲ့ စားတတ်လာတယ်.. ကိုယ်တိုင်တော့ တစ်ခါမှ ချက်မစားဖြစ်ဘူး.. :D အခု ညီမပို့စ်ဖတ်မိပြီး ဟင်းချိုသောက်ချင်လာပြီ.. မီဆိုနဲ့ ချက်ရတဲ့ ဟင်းလေးတွေလည်း ချက်ဖြစ်ရင် တင်ပေးနော်.. အမလည်း လိုက်ချက်ကြည့်မယ်လေ.. :))
Post a Comment