Sunday, March 7, 2010

ခြံကြီးထဲမှာ(၂)

ခြံထဲမှာအပင်အတော်စုံတယ်။
အငြိမ်မနေတတ်တဲ့ကိုယ်က ဘာမှလုပ်စရာမရှိ အိမ်မှာပဲရှိတတ်တဲ့ကာလမျိုး ရက်မျိုးတွေဆို
အပင်တွေလျှောက်စိုက်တတ်တယ်။
ကိုယ်ကတော့လား ရေရှည်အနုစိတ် စိတ်မရှည်တတ်သူမို့ တခါစိုက်လှည့်မကြည့်ဆိုတာလိုပါပဲ။
ကိုယ်စိုက်ပြီးရင် မေကရေဆက်လောင်းပေးတာ ထုံးစံ။

မိုးတွင်းဆိုခြံထဲမှာ ရေ၀ပ်တတ်တယ်။ မိုးတွေရွာရင်း ညအိပ်ရင် မိုးသံကြား ဖားတွေရဲ့
အုံးအွမ် အုံးအွမ်ဆိုတဲ့အသံက ကိုယ်တို့အတွက် မိုးရာသီ သားချော့တေးလိုပါပဲ။
ရေအိုင်ကလေးတွေရှိတယ်။ ဖားလောင်းငါးလေးတွေရှိတယ်။
ဖေ လစ်တာနဲ့ အိုင်နားပြေး ဖိနပ်ကလေးချွတ်ပြီး ဆင်းဖမ်းတတ်တယ်။
ဖေက ကြိမ်လုံးသေးသေးလေးနဲ့ နောက်ဆင်းဦးမလားဆိုပြီး ခြေသလုံးကို ခပ်ဆတ်ဆတ်လေး
ရိုက်တာခံဖူးတယ်။ နည်းနည်းရိုက်ရင် များများငိုဖူးတယ်။ များများငိုမှ အရိုက်ခံသက်သာမယ်ဆိုတာ
သိတာကိုး။

မိုးကုန်ပြီဆို အိမ်နဲ့ခပ်ဝေးဝေးနေရာတွေမှာ မြက်ရိုင်းတွေဝန်းရံနေတာပေါ့။
မိုးကုန်တိုင်း ဖေလုပ်ရတာက လူငှားပြီး မြက်ရှင်းရတဲ့အလုပ်။

ဘယ်လောက်သဘာဝဆန်သလဲ မေးပါနဲ့။ သတ္တ၀ါစုံလင်စွာ မရင်းနှီးတာမရှိသလောက်ပေါ့။
အထူးသဖြင့် မြွေတွေနဲ့က ဖွားဖော်ဖွားဖက်လို့ ဆိုရမလို။
ဆန်းလဲဆန်းတယ် ကိုယ်တို့အိမ်ကြီးက ဆန်းတာတွေအတော်များတယ်။
မြွေက အိမ်ထဲမှာ ခဏခဏတွေ့တယ်။
တချို့မိုးတွင်းတွေဆို ၃ရက်လောက်ဆက်တိုက် အိမ်ထဲမှာ မြွှေတွေ့ရှိတယ်။
ဖေကသတ္တ၀ါဆို ခြင်တောင်မသတ်ရ ဆိုတာမျိုးမို့ တအိမ်လုံး ခြင်စကာ ပတ်လည်ဝန်းရံထားပါရဲ့။
ဒါပေမဲ့ အ၀င်ထွက်များတဲ့အခါ ခြံက အပင်စုံ ခြင်လည်းပေါတာမို့
တခါတလေ ခြင်လှောင်အိမ်ဖြစ်သွားတတ်တာမျိုးလည်းရှိတာပေါ့။
အဲလိုမို့ မြွေတွေ့တိုင်း ဖေနဲ့ ကိုယ်တို့မိသားစုလုပ်နေကျအလုပ်က ခုနေတွေးကြည့် ရယ်စရာ
တုတ်ကလေးနဲ့၂ယောက်လောက်ကခြောက် ဖေကရေပုံးကြီးကို အ၀ဖွင့်ပြီး  မြွှေဝင်အောင်
တုတ်တချောင်းနဲ့သွင်း ပြီးရင် အတော်ဝေးတဲ့ နေရာထိ သယ်သွားပြီး လွှတ်ပေးတယ်။
ရယ်စရာ ရှိပါသေး။ ဖေက မြွှေတွေ့တာနဲ့ဦးဆုံးလုပ်တာကို ရေခွက်ထဲ လက်ဝတ်ရတနာထည့်ပြီး
မြွေကိုရေဖြန်းပြီးမှ ဖမ်းလွှတ်တာ။
ဒါကြောင့်ထင်ပါတယ်။ မြွှေကပျော်ရှာပုံပဲ။ ခဏခဏအလည်လာတတ်တယ်။

ဆန်းတာတခုက မြွေအဲလောက်ပေါတဲ့ခြံ ခဏခဏတွေ့တတ်တဲ့ကိုယ်တို့အိမ်
တယောက်မှမြွှေကိုက်မခံရဖူးဘူး။ အန္တရာယ်မရှိဖူးဘူး။ စပါးကြီးမြွေလို လူကြီးလက်မောင်းလောက်ရှိတဲ့
မြွေဆိုလည်း ရံဖန်ရံခါတွေ့တတ်တယ်။ အိမ်ထဲတောင် ပြီးခဲ့တဲ့မိုးတွင်းဝင်လာလို့ ပတ်မောင်းရသေး။
မနှစ်ကဆို မြွေတကောင်ဖမ်းပြီး သွားပစ်ပြီး ဖေကမောမောနဲ့ပြန်အလာ
နောက်တကောင်ထပ်တွေ့ ထပ်ဖမ်းရနဲ့ အတော်မောပြီး အိပ်ရေးတောင်ပျက်ခဲ့ကြရသေးတာပေါ့။

 ပြီးတော့မနက်မိုးလင်းရင် အိပ်ယာနိုးလာတာက စာကလေးတေးသံသာပေါ့။
အိမ်ရှေ့ဝရန်တာတလျှောက်မှာ ဖေက တံစက်မြိတ်အမိုး လျှောက်တန်းတလျှောက်မှာ
သွပ်နန်းကြိုးချိတ်ပြီး သုံးထပ်ပြား သို့ အုံးခွံလေးတွေနဲ့ စာကလေးအိမ်လေးတွေ အသေချာ
ဆောက်ပေးထားတာ အလုံး ၁၂လုံး လောက်ရှိမယ်ထင်ပါရဲ့။
ငယ်ငယ်ကဆို ဖေက မိုးလင်းရင် ခွက်ကလေးတွေနဲ့ ဆန် သို့ ဆန်ကွဲကို ခွဲတမ်းနဲ့ဝေပေးတယ်။
စာကလေးကို ဆန်ကြဲပြီးကျွေးတာပေါ့။

အုန်းသီးကတော့အမုန်းပါပဲ။ များမှများ ပေါမှပေါ။
လူခေါ်ခူးခိုင်းပြီး တခါတည်းအပြတ်ရောင်းတာမျိုးတောင်လုပ်ရတယ်။ အန္တရာယ်များသကိုး။
ခရမ်းစေ့များ အလွယ်မပစ်နဲ့ အပင်လေးတွေတန်းစီပေါက်လာရော။
သရက်သီးများချိုရင် မြေလွတ်တနေရာမှာပစ်လိုက် အပင်ပေါက် မျိုးရသွားရော။

2 comments:

khun said...

ခွန်တို့အိမ်နဲ့ဆင်တယ်။
ခွန်တို့်အိမ်လည်းတောမို့ မြွေခဏခဏ၀င်တယ်။
ဒါပေမယ့် ဘယ်သူမှကိုက်မခံရဖူးဘူး။
လွမ်းပါတယ်...

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

မြတ်နိုး said...

happy to read...

my house is not like that.
But i love such kind of house.I don't like snake,frog..
all animals i m afraid until now even ... (tee kaung) .

I don't afraid ants only.

:P

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates