Saturday, September 18, 2010

ဂျပန်မှာအိမ်ငှားခြင်း Renting room in Japan

မနေ့ကပဲ တီဗွီမှာ ဂျပန်မှာ အရစ်ကျအိမ်ဝယ်တာနဲ့အိမ်ငှားတာ ဘယ်ဟာပိုကောင်းလည်းဆိုတဲ့
အစီစဉ်လေးတခုလာသွားပါတယ်။ ဒီပို့စ်လေးမှာတော့ အိမ်ခန်းငှားတာနှင့်စပ်လျဉ်းပြီးရေးသား
ပါမယ်။


အိမ်ခန်းငှားရာမှာ တိုက်ရိုက် အိမ်ခြံမြေအကျိုးဆောင်ရုံးခန်းသွားပြီး မျှော်မှန်းတဲ့အိမ်လခနှုန်း၊ ဘူတာ၊
ဘူတာမှဘယ်နှစ်မိနစ်၊ အခန်းဖွဲ့စည်းပုံ စသဖြင့်အသေးစိတ်ညှိနှိုင်းပြောဆိုလျှင် အကျိုးဆောင်မှ
ငှားရမ်းလိုသူဆန္ဒနှင့်ကိုက်ညီတာတွေ အရင်တအိမ်ချင်းစာရွက်နှင့်ပြပြီး ကြည့်လိုသောနေရာကို လိုက်လံပြသပေးလေ့ရှိပါတယ်။

သို့ငြားအကောင်းဆုံးအနေဖြင့် အကြံပေးလိုတာကတော့ ဂျပန်စာဖတ်တတ်မည်ဆိုလျှင် အောက်ပါ
နာမည်ကြီးဆိုဒ်များရှိပြီး၊yahooဆိုဒ်ထဲမှာ 不動産ဆိုတဲ့အိမ်ခြံမြေအကျိုးဆောင်ကဏ္ဍလေးရှိတာမို့
အဲသည်ထဲသွားရှာတာအကောင်းဆုံးပါ။ ရဟူးထဲမှာရှာလျှင် အိမ်ခြံမြေအကျိုးဆောင်အားလုံးရဲ့အခန်း
တွေကိုဖော်ပြပေးထားတာမို့ နှစ်သက်ရာအခန်းရွေးချယ်ပြီးနောက်မှာ ယင်းအိမ်ခန်းရဲ့တာဝန်ခံအကျိုး
ဆောင်ရုံးခန်းသို့ဆက်သွယ်ရုံသာဖြစ်ဧ။်။ ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေထဲနာမည်ကြီး
သီးသန့်ဆိုဒ်များကတော့
www.athome.co.jp
www.chintai.net တို့ပဲဖြစ်ပါတယ်။


ရှာဖွေရာမှာ ငှားရမ်းလိုသောဘူတာ၊ ဘူတာမှအိမ်သို့မိနစ်အကွာဝေး၊ မျှော်မှန်းသောအခန်းလခ၊
ယင်းအပြင် အခန်းပုံစံ၊ အကျယ်ဝန်း၊ ပါစေလိုသောဆားဗစ်စ်စသဖြင့် အသေးစိတ်အချက်လက်တွေနဲ့ သတ်မှတ်ပြီး ရှာဖွေနိုင်တာမို့ အချိန်ကုန်လည်းအလွန်သက်သာ ဆုံးဖြတ်သုံးသပ်ရလည်းလွယ်ကူ
သက်သာပါတယ်။

အခန်းငှားရမ်းရာမှာ အခြေခံအားဖြင့်ကျသင့်ငွေများကတော့

1. ရှိခိကင်း(敷金) ပေးရငွေ
   Shikikinဆိုတာကတော့ အိမ်စပေါ်သဘောပါ။ အိမ်ပြန်အပ်တဲ့အခါ အခန်းကိုစစ်ဆေးကြည့်ရှုပြီး
   ပျက်စီးဆုံးရှုံးတာတွေရှိလျှင် လျော်ရမယ့်အတွက် ကြိုယူငွေပါ။ မြန်မာထုံးစံအရဆိုလျှင်တော့ ပြန်ရတာ
   များပါတယ်။ သို့ငြားဂျပန်မှာတော့ အခန်းတခန်း နှစ်ချီကာ တခါငှားရမ်းပြီးလျှင် အိမ်ကိုပြင်ဆင်မွမ်းမံ
   သန့်ရှင်းရေးပြန်လုပ်တာ ထုံးစံလိုမို့ ပြန်မရတာ ၉၀ရာခိုင်နှုန်းကျော် ထုံးစံလိုဖြစ်နေပါတယ်။
(အိမ်ကောင်းရင်ကောင်းသလို အိမ်လခရဲ့ ၁လစာ၊ ၂လစာ စသဖြင့်ပေးရပြီး လတ်တလောမှာတော့
စီးပွားကျကပ်နှင့်အတူ ရှိခိကင်း ဇီးရိုးဆိုပြီး မပေးရသောအိမ်တွေလည်း အတော်များလာပါတယ်။ သို့ငြား
အထူးသတိထားသင့်တာကတော့ ရှိခိကင်းရဲ့သဘောဟာ အိမ်ပျက်စီးဆုံးမှုအတွက် လျော်ကြေးသဘော
မို့ ရှီခိကင်းဇီးရိုးနှင့်အိမ်တွေငှားရမ်းလျှင် အိမ်ပြန်အပ်တဲ့အခါ ပျက်စီးပြုပြင်မှုအတွက် သီးသန့်မပျက်
မကွက် ကျသင့်ငွေလျော်ပေးရတာမို့ ဆင်ဖိုးထက်ချွန်းဖိုးကြီးသွားတာမျိုးကြုံလေ့ရှိတာမို့ ရှီခိကင်းကို
ပေးထားရတဲ့အိမ်ဟာ ပြန်အပ်တဲ့အခါ နောက်ကြောင်းရှင်းပါတယ်။
နောက်တခုက ရှီခိကင်းပေးရပေမယ့်လည်း အိမ်ပြန်အပ်တဲ့အခါ သန့်ရှင်းရေးခကို မိမိဘာသာပေးချေ
ရမယ်လို့ သတ်မှတ်ချက် သီးသန့်ထည့်သွင်းထားတဲ့ အိမ်မျိုးတွေလည်းရှိတတ်ပါတယ်။)

2. လဲကင်း(礼金) ပေးရငွေ
  မိမိအပါဝင် နိုင်ငံခြားသားအများစုနားမလည်နိုင်တဲ့ ဂျပန်ရိုးရာအစဉ်လာကျင့်သုံးတဲ့စနစ်တခုဖြစ်ပြီး
  အိမ်ရှင်ကို ကျေးဇူးတင်ခဆိုပြီးပေးရငွေပါ။ ယင်းကတော့၁၀၀ရာခိုင်နှုန်းပြန်မရပါ။ 
  (အိမ်လခရဲ့၁လစာ၊ ၂လစာ စသဖြင့်ရှိပြီး ယခုနောက်ပိုင်း လဲကင်းဇီးရိုးအိမ်တွေလည်းများပါတယ်။)

ကိုယ်ပိုင်အကြံပြုလိုတာကတော့ ရှီခိကင်း ၁လစာ၊ လဲကင်း၁လစာပေးရတဲ့အိမ်ရှာတာကောင်းမယ်လို့
ထင်ပါတယ်။ အခြားတချက်က ရှီခိကင်း၊ လဲကင်းမပေးရသောအိမ်တွေဟာ ဟောင်းတာတွေများပါတယ်။

3. 管理費 KanRiHi
   ဒါကတော့ မြန်မာပြည်က ကွန်ဒိုတွေမှာ တလဘယ်လောက်ဆိုပြီး တိုက်ကိုကြီးကြပ်စောင့်ရှောက်ခ
   ပေးရသလိုမျိုးပါ။ သာမန် အိမ်ဟောင်းနှင့် Apartmentတွေဆိုလျှင် အိမ်ကိုစောင့်ကြပ်သူမရှိသလို
   မပေးရတာများပေမဲ့ မန်ရှောင်လို့ခေါ်တဲ့ တိုက်ခန်းကောင်းကောင်းတွေမှာတော့ ပေးရလေ့ရှိပါတယ်။
   တစ်လ ၂ထောင်ခန့်မှစလို့ အိမ်ကောင်းတာပေါ်မူတည်ပြီး သောင်းကျော်ခန့်ပေးရပါတယ်။

4. မိတ်ဆက်ကြေး
   ဒါကတော့ အိမ်ခြံမြေအကျိုးဆောင်ကိုပေးရငွေပါ။ အများအားဖြင့်အိမ်လခ တလခ၀န်းကျင်ခန့်ပါ။

5. အိမ်အာမခံကြေး
   အိမ်ဟာ မီး၊ ရေ၊ လေစသောဘေးတွေအတွက် ထားရသော အာမခံပါ။
   တနှစ်ကို တသောင်းဝန်းကျင်ခန့်ရှိပါတယ်။ မထားရသောအိမ်တွေလည်းရှိပေမဲ့ ဂျပန်အများစုဟာ
   မပျက်မကွက်ထားလေ့ရှိပါတယ်။ မထားမနေရ သတ်မှတ်ထားတာမျိုးများပါတယ်။

ဒီမှာတခါတည်းဆက်စပ်ပြီး ဖော်ပြချင်တာကတော့ အိမ်ငှားသက်တမ်းပါ။ အများအားဖြင့် ၂နှစ်သက်တမ်း
များပြီး၊ တနှစ်ရှိသလို ၃နှစ်လည်းရှိတတ်ပါတယ်။ တခါတရံ ၃လ ၆လ စသဖြင့်လည်းရှိတတ်ပါတယ်။
ယင်းစာချုပ်ပေါ်မူတည်ပြီး နှစ်ပြည့်လို့ ဆက်နေချင်တယ် သက်တမ်းတိုးချင်တယ်ဆိုလျှင် သက်တမ်းတိုးခ
ဘယ်လောက်ဆိုပြီး စာချုပ်မှာတခါတည်း သတ်မှတ်ထားလေ့ရှိပါတယ်။ အများအားဖြင့်ကတော့ ထပ်မံ
အသစ်သတ်မှတ်မယ့် အိမ်ခန်းငှားခရဲ့၁လခစာခန့်ပါ။

6. အိမ်ခန်းငှားခ တလကြိုပေးရငွေ တလစာ။

ဒါကတော့ မပေးချေမဖြစ် ပေးချေရသော အိမ်ခန်းငှားလျှင် ကနဦးကုန်ကျမည့်ငွေပမာဏပါ။
နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးအချက်တခုကတော့ အာမခံပေးမည့်သူတစ်ဦးရှိရပါတယ်။
မိမိက အလုပ်ဗီဇာဖြင့်နေလျှင် မိမိကုမ္ပဏီကို အာမခံလုပ်လို့ရတာ ထုံးစံဖြစ်ငြား အလုပ်မရှိလျှင်
သီးသန့်အာမခံပေးမည့်သူကို ထားရှိရပါတယ်။
ယင်းအာမခံသူဟာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ပြဿနာတခုခုဖြစ်လျှင်တာဝန်ခံရမည့်သူဖြစ်ပါတယ်။
ဂျပန်ထုံးစံဟာ မနိုင်ဝန်လို့ထင်လျှင် အစတည်းက ချိုချိုနှင့်ပြတ်ပြတ်သားသားငြင်းတတ်လေ့ရှိတာမို့
တော်ရုံခင်မင်ရင်းနှီးရုံဖြင့် ဂျပန်များဟာ အာမခံလုပ်လေ့မရှိကြပါဘူး။

ဒီအတွက် မြန်မာအများစု အိမ်ခန်းငှားလိုလျှင် အလုပ်အကိုင်ရှိသူ မြန်မာချင်းဖြစ်စေ၊ ဂျပန်နိုင်ငံသားကို
ဖြစ်စေ ဥာဏ်ပူဇော်ခ သီးသန့်ပေးပြီး လုပ်လေ့ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။

အချို့အိမ်တွေမှာ ဂတ်စ်မီးဖိုတွေတွဲရက်ပါသလို မပါလျှင် မီးချောင်း စတာတွေကို မိမိဘာသာ ၀ယ်ယူ
တပ်ဆင်ရပါတယ်။ အခန်းလွတ်ကိုသာ ငှားရမ်းခြင်းဖြစ်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

16 comments:

စူးနွယ်လေး said...

စာလာဖတ်တယ် ကျော် ရေ.....
ဟင်းတွေမချက်တော့ဘူးလား...မျှော်နေတာ:)

lonetone said...

ဂျပန်မှာ အိပ်ငှားရတာ အိမ်ရှင်အတွက် အဆင်ပိုပြေတယ်လို့ ထင်ပါတယ်။ အိမ်ငှားရသူအတွက်ကတော့ အပေး ချည်းပါပဲ။ ကျေးဇူးတင်ခ (Thank You Money) ပေးရတာကို စိတ်တိုတယ်ဗျာ။ ကျွန်တော်အိမ်ငှားတော့ စပေါ်က ၂ လခ၊ ကျေးဇူးတင်ခက ၁ လခ၊ ကြိုတင်အိမ်လခ ၂ လခ၊ အေးဂျင့်ဖိုးနဲ့ စုစုပေါင်း ဒေါ်လာ ၂ ထောင်နီးပါး တက်တက်ပြောင်တာပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံမှာ အိမ်ငှားရတာ ကိုယ်စိတ်ကြိုက်ရွေးချယ် ငှားရမ်းရလို့ အဆင်ပြေပေမယ့်၊ လိုက်ရတဲ့ငွေပမာဏက ကျွန်တော်တို့လို့ ဆင်းရဲတဲ့နိုင်ငံက လူတွေအတွက်တော့ တနင့်တပိုးပါပဲ။ ကျွန်တော်လည်း ဒီအကြောင်း နောက်ရေးချင်ပါသေးတယ်...း)

ကျော်နှင်းဆီလွင် said...

မနွယ်လေးရေ
သိပ်မချက်ဖြစ်တာရော ရှုပ်နေတာနဲ့ရော မတင်ဖြစ်တာပါ။
ဒီတခါ စုပြီးတင်မယ်နော်...မကို မမီပေမဲ့..:D

ကိုလုံးတုံးရေ ဘယ်ဘက်ကမှသိပ်မသက်သာပါလားလို့ ထင်မိတယ်။ ကမ္ဘာမှာစံချိန်ချိုးအောင်ဈေးကြီးတဲ့တိုကျို နှင့် ဂျပန်ဆိုတော့လေ။ :) ကျေးဇူးတင်ခကိုတော့တကယ်အီလည်လည်ဖြစ်ရတယ်။ ကြိုတင်အိမ်လခ၂လဆိုတာ အံ့သြနေတာ။ ဒီမှာဆို ၁လစာပဲကြိုသွင်းရတာထုံးစံမို့။ ကိုလုံးတုံးလည်းအားရင်ရေးပါဦး။ ဖတ်ရအောင် ဗဟုသုတလည်းရတာမို့။

ကျော်နှင်းဆီလွင် said...

အား သိပြီ...
အာမခံပေးတဲ့သူကိုသူတို့ရှာပေးသလား
အာမခံပေးတဲ့ကုမဏီတွေရှိတယ်။ အဲဒါဆို တလစာလောက်တော့ ပေးရတတ်တယ်။

ကောင်းမွန်ဝင်း said...

ညီမရေ
အဲဒီအစီအစဉ်ကြည့်လိုက်တယ်။
အစီအစဉ်ကို နိဂုံးချုပ်လိုက်တော့ ငှါးနေတာပိုကောင်းသလိုဖြစ်မနေဘူးလား။
အဲဒါနဲ့ကိုယ်ကိုကိုယ်ဖြည်သိမ့်လိုက်တယ်။
ငှါးနေတာ မရှုံးပါဘူးလေလို့။
အစစအရာရာ အရှုံးအမြတ်တွက်ပေးတဲ့ အဲဒီအစီအစဉ်ကို ကျွန်မလည်းကြိုက်တယ်။ သောကြာနေ့ညနေမို့ကြည့်ဖြစ်တာလဲပါပါတယ်။
အိမ်ပြောင်းရတာထက် အိမ်ရှာရတဲ့ အလုပ်က ပိုဒုက္ခရောက်သလိုထင်မိတယ်နော်။

ခင်မင်လျှက်

ကောင်းမွန်ဝင်း said...

ဟိုလေ ရေတာလောသွားမိတယ်။ ကျွန်မမှာ ၀ယ်ဘို့လည်း အစီအစဉ်မရှိပါဘူး။
ဟဲဟဲ အစီအစဉ်ရဲ့ ခေါင်းစဉ်အောက်ကနေ ပြောချလိုက်မိတာပါ။
ညီမရယ်

nu-san said...

ညီမလေးပြောသလိုပါပဲ.. ဂျပန်မှာ ရေရှည်နေမယ်ဆို ကိုယ်ပိုင်အိမ်နဲ့မှ အဆင်ပြေမှာနော်.. ငှားပဲနေနေ ၀ယ်ပဲနေနေ ပေးရတဲ့ ပိုက်ဆံက မသက်သာလှဘူး.. ၀ယ်နေပြန်တော့လည်း အကြွေးဆပ်ရင် နှစ် ၃၀ ဆိုတော့ ကိုယ်ကရှေ့ နှစ် ၃၀ လောက်အထိ ကြိုသိနိုင်ရင်လည်း ကောင်းသားလား..အဲဒါဆိုတော့ ဂျပန်မှာ အိမ်ဝယ်ဖို့က တော်တော်လေး စဉ်းစားရမယ် (၀ယ်နိုင်သလိုလိုနဲ့ အခုပဲ ၀ယ်တော့မယ့် ပုံလိုလို.. အဟိ.. :D).. အမတို့ အိမ်ငှားတုန်းက ရုံးက ငှားပေးတာဆိုတော့ ကိုယ်တွေက သူတို့ကို လိုချင်တဲ့ ပုံစံလေး ပြောလိုက်တာမို့ အဆင်ပြေခဲ့တယ်လို့ဆိုရမယ်.. အခုပို့စ်ကို ဖတ်ကြည့်လိုက်တော့မှလေ.. ကိုယ်မသိတာတွေက အများကြီးပဲ..

ကျော်နှင်းဆီလွင် said...

ဟုတ် မရေ။ နောက်တချက်က ဂျပန်မှာရေရှည်နေမယ်ဆိုရင်ဆိုတဲ့အချက်မှာ လက်ရှိယန္တယားသာအတိမ်းစောင်းမရှိခဲ့ဘူးဆိုရင် ပင်စင်အခွန်မှန်မှန်ဆောင်ထားသူတဦးဟာ (သတ်မှတ်ထားသော)အသက်ရွယ်ရလာလျှင် လစဉ်ပင်စင်လစာပြန်ထောက်ပံ့ပေးတာမျိုးမို့ နောင်ရေးအေးရတယ်လို့ဆိုရမယ်ထင်တယ်။ အိမ်တလုံးနဲ့ ဂျပန်ရဲ့ မီး၊ ရေ၊ လမ်းပန်း အစစအရာရာအဆင်ပြေသော လူနေမှုဘ၀ကို riskနည်းနည်းနှင့်ရွေးချင်တယ်၊ ဒီ့ထက်ပိုပြီးအများကြီးမတောင့်တဘူးဆိုလျှင်၊ ကျေနပ်နိုင်မယ်ဆိုလျှင်ပေါ့မရယ်။ ဘာကြောင့်လည်းဆို တနည်းအားဖြင့် ဒီလိုအရင်းနှီးကြီးကြီးကို မြန်မာပြည်မှာပြန်ရင်းမယ် စီးပွားရေးလုပ်မယ် ဆို အဆများစွာကွာတာမို့လေ။ သို့ငြား စီးပွားဖြစ်ဖို့ဆိုတာကလည်း ကံတို့အခြေနေတို့riskတွေကများသေးတယ်။ ဘယ်ဘက်မှမလွယ်ပါဘူးထင်တယ်မရယ်။ :D မတို့ကတော့ ရုံးကအိမ်ငှားတာစီစဉ်ပေးပြီး အဆင်သင့်နေရုံဆိုတော့ကံကောင်းတယ်နော်။

ကောင်းမွန်ဝင်း said...

ညီမရေ။
စာလာထပ်ဖတ်တယ်။
ရုတ်တရက်ပြန်ပူလာတယ်နော်။
ကျွန်မလည်း အအေးခံလွန်သွားတယ်။
ကိုယ်တွေလက်တွေတောင်ကိုက်တယ်လေ။

စကားမစပ်
ကျွန်မကိုရေးတာတွေကို အားပေးတာကျေးဇူးအမြဲတင်တယ်သိလား။
ကျွန်မအခုမှမြန်မာစာကို နည်းနည်းပြန်ရေးနိုင်တယ်။
ဘလော့ဂ်စတုန်းက ပို့စ်တွေကိုအချိန်ရရင်ကြည့်ကြည့်ပါ။
တမျိုးကြီးဖြစ်နေတာတွေအများကြီးပေါ့။
ကျောင်းတက်တဲ့ အချိန်က စာတွေအရမ်းပိပြီး၊ မြန်မာစာတွေပြန်စရေးပြန်စပြောတော့ ရှုထောင့်ပေါင်းစုံစကားလုံးပေါင်းစုံကို စိတ်ရှိတိုင်းချက်ချင်းဆိုသလို ပြေပြေပြစ်ပြစ်မရေးနိုင်မပြောနိုင်ခဲ့ဘူး။
တကယ်တော့ မိခင်ဘာသာဆိုပေမယ့် မလေ့လာရင် တကယ်မလွယ်ဘူးနော်။

လာလည်ရင်း ပြောချင်တာတွေပြောသွားပြန်ပြီ။

ကောင်းမွန်ဝင်း said...

ညီမရေ
ဟာ့ရာ့ဂျုကု နားကနေ ပြောင်းတော့မှာလား။
အိမ်ပြောင်းရင်အရမ်းအလုပ်ရှုတ်တယ်နော်။
ဘာကူညီရမလဲ။
ဗီယက်နမ်ပွဲ အရမ်းတော့ မစည်ဘူးညီမရဲ့။
ညီမကော လျှောက်လည်ရတာ စိတ်ဝင်စားလား။

ဒီနေ့ကတော့ အေးတယ်နော်။
အုန်းနို့ခေါက်ဆွဲချက်တယ်။
မနက်၁၀နာရီအိပ်ရာထပြီး ချက်တာ၊ အခုကျက်ပြီ။
ထုံးစံအတိုင်း ယောက်ျားက မန္တလေးပဲကြော်လေ။
မိုးရွာနေပေမယ့် လာလည်ပြီးသုံးဆောင်ပါလို့ဖိတ်လိုက်ပါတယ်။

ခင်မင်စွာဖြင့်

လသာည said...

ဂျပန်နိုင်ငံရဲ့ အိမ်ဌားအိမ်ဝယ်အကြောင်းရော မမွန်နဲ့ ကျော် တို့ရဲ့ အပြန်အလှန်နှုတ်ခွန်းဆက်စကားများပါ အားလုံးပေါင်း ဖတ်မှတ်သွားပါတယ်း)))

ကျော်ရေ.. အိမ်ပြောင်းရတာ အိုဆုကာရဲ ဆမ။ အခု အားလုံးအဆင်ပြေသွားပြီလား။ အစ်မလည်း ခရီးနည်းနည်းထွက်နေလို့ သတင်းမေးဖို့ နောက်ကျသွားတယ်။ ပိုစ်ဖတ်နောက်ကျတာသာ ကြည့်တော့..။ ဂေါ်မန်း နဲ..။

မမွန်.. အုန်းနို့ခေါက်ဆွဲ လသာညရော လာစားလို့ ရလားဟင်..ဟဲ

နောက်ရက်ကစပြီး ဆောင်းဝင်ပြီတဲ့.. ကျန်းမာရေး ကျန်းမာရေး နေနေလေး ကောင်းအောင် ဂရုစိုက်ကြပါလို့..

လသာည

ကျော်နှင်းဆီလွင် said...

မမွန်အိမ်ကတော့ ပျော်စရာကြီး
အစားကောင်းတွေအမြဲစားနေရတယ်
ဖိတ်တာကျေးဇူးနော်မ လက်မတင်လေးလွဲသွားတယ်
ည၈နာရီလောက်မှနှစ်ယောက်သားပြန်ရောက်ကြလို့

မညရေမညလည်းကျန်းမာရေးဂရုစိုက်နော်
အင်တာနက် တပတ်လောက်သုံးဖြစ်မယ်မထင်ဘူး

အမတွေ...
ယောရောရှိကုနော်
:D

ဧည့်သည် said...

အရောင်းအ၀ယ်ဖြစ်နေကြတာပါလား ။
အဆင်ပြေသွားပီလား အစ်မ ။ အစ်မ သိချင်တာလေး ကျွန်တော် မပြောနိုင်လို့ စိတ်မကောင်းပါဘူး ။
ဆူမိမစန် ...

khun thadar said...

အစ်မ ပျောက်လှချည်းလား.... ;)

ကျော်နှင်းဆီလွင် said...

nyi ma yay
引越しで忙しかったのよ。
心配してありがとう~。

ကောင်းမွန်ဝင်း said...

ညီမရေ
အင်တာနက်ရသွားပြီလား။
မြန်တယ်နော်။
အိမ်ကော အသားကျသွားပြီလား။
ဒီကိုလာလာကြည့်တယ်။
အေးလာပြီနော်။ မိုးချုပ်တာလည်းမြန်တယ်နော်။
ဒါပေမယ့် အိပ်ချိန်ကပိုရတယ်မရှိပါဘူး။
ခင်မင်စွဖြင့်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates