ပျင်းသည် ပျင်းသည် ပျင်းပါသည်။
ဘလော့ဂ်ရေးချင်ရက်ရေးစရာရှာမရဖြစ်နေသည်။
ပြီးခဲ့တဲ့၃ရက်ဆက်တိုက် မနားတမ်းပြေးလွှားခဲ့ရတာမို့ နားချင်လိုက်တာဟု တွေးမိပါသည်
ယနေ့တနေ့လုံးအိမ်မှာနားပါသည်။
မနက်ပိုင်းသူငယ်ချင်းကစာအုပ်သွားဝယ်မှာမို့ အဖော်စပ်တာတောင် မလိုက်ဖြစ်ပါ။
အ၀တ်လျှော်၊ သန့်ရှင်းရေး၊ ဘလော့ဂ်ဖတ်ခြင်း၊ သူငယ်ချင်းများနှင့်ဖုံးပြောခြင်း၊ တရေးအိပ်ခြင်း
တခုပြီးတခုလုပ်ပါသည်။
အဲသလိုနှင့် ညနေ ၆နာရီထိုးတော့မည်။
ပျင်းလို့တီဗွီဖွင့်ကြည့်တော့ လွန်ခဲ့တဲ့၂လလောက်တည်းက ဆေးခြောက်မှုနဲ့အဖမ်းခံရတဲ့မင်းသမီး
(မြန်မာပြည်မှာတော့ အိုင်းယ ဟု အမည်ကျော်ခဲ့ဖူးသူ)အကြောင်းလွှင့်နေတာနဲ့တိုးတော့
စိတ်ပိန်ပါသည်။ ပြီး ပြီးနိုင်ဘူး ဟု သတင်းစီးဆင်းမှုလွန်ကဲခြင်းကို စိတ်ပျက်မိသည်။
တခြားလိုင်းမပြောင်းပါ။ အဲဒီလိုင်းနာမည်ကြီးတဲ့အပြင် တခြားသတင်းဘာလာမလဲ
ကြည့်ချင်တာရယ် ဘလော့ဂ်ရေးနေတာရယ်ကြောင့် အခန့်သင့်ဖြစ်သွားပါသည်။
အား ကြည့်ချင်တာလာနေပါပြီ။ အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတနှင့်
ကတော်အကြောင်းပါ။ ယင်းသို့သောအကြောင်းများကို အလွန်ဝါသနာပါပါသည်။
သူတို့ဘယ်လိုဘ၀ကို ဖြတ်သန်းလာသလဲ ဆိုတာကိုပါ။
အိုဘားမားဆိုလျှင် အတ္ထုပတ္တိစာအုပ်ပင်ဝယ်ထားပါသည်။ လူကိုကြိုက်သည်မကြိုက်သည်
ကိုယ်မဝေဖန်လိုပါ။ သို့ငြား ဒီလိုအခြေနေရောက်အောင်ကြိုးစားအောင်မြင်လာခဲ့သူကိုတော့
ကိုယ်ကြိုက်ပါသည်။ လေးစားပါသည်။ အတုယူပါသည်။
တခါတလေတော့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုမှာ နေရတာ
ငြီးငွေ့မိပါသည်။ မခင်ဦးမေလို ခဏခဏပြန်ကြည့်ချင်သား။ နီးရင်တော့ကောင်းပေမည်။
ပဲခူးကိုလည်းရထားစီးကြည့်ချင်ပါသည်။ ရန်ကုန်မှာရှိစဉ် မြို့ပတ်ရထားသူစီးချင်သည်ဆိုတော့
ကိုယ်လိုက်ပို့ဖူးပါသည်။ ရထားပေါ်ရောက်တော့ လူတွေပစ္စည်းတွေအပြည့် ရပ်စီးရတာ
ပြသနာမရှိငြား ရထားခပ်မှောင်မှောင် အနံ့အသက်စုံလင်စွာဖြင့် ရှေ့မှာထိုင်နေသော သားအမိနှစ်ဦး
သန်းရှာနေသည်ကိုကြည့်ပြီး တပတ်စီးမယ်နော် ၃ခါလောက်ပူဆာခဲ့သူက နောက်မှတ်တိုင်ဆင်းကြ
မလား ဆိုလာတော့ ကိုယ်ရယ်ခဲ့ဖူးပါသည်။ အဲလိုနဲ့ တွဲနှစ်ခုကြားအစပ်မှာ နှစ်ယောက်သားရပ်စီးရင်း
တပတ်ပြည့်သွားပါသည်။ ပြီးတော့လှည်းတန်းမှာဆင်းပြီး ကိုယ်ကြိုက်သော အမဲအူပြုတ်နှင့် တုတ်ထိုး
သွားစားကြပါသည်။
သူငယ်ချင်းထံမှဖုံးလာတော့ စကားပြောလိုက်တာ ၇နာရီထိုးပေတော့မည်။ ပြောနေဆဲဖုံးထပ်ဝင်လာသည်။
အမျိုးသားထံမှ။ သူပြောသော အိမ်သာထဲနားချိန်မှာ ဆက်ခြင်းဖြစ်ပေမည်။ မကိုင်ဖြစ်ပါ။
ပြီးတော့စာအုပ်သွားဝယ်သောသူငယ်ချင်းထံဖုံးဆက်ပါသည်။သူ့ကိုစိတ်ပူလို့ပါ။ဂျပန်ရောက်တာ၂နှစ်ခန့်မှာ
ကိုယ်နဲ့ပြီးခဲ့တဲ့အပတ်တွေ့ခဲ့စဉ်က သူခုလိုတယောက်တည်းရထားစီးလာတာပထမဆုံးပဲဆိုလို့
လမ်းမှတ်မိပါ့မလားကိုယ်စိတ်ပူပါသည်။ သူငယ်ချင်းက ဒီနှစ်လယ်ဘယ်၁ ဖြေမှာမို့ပါ။ ဘယ်သူ့မှ
ဖွင့်မပြောရန် သူနဲ့ကိုယ်သဘောတူညီချက်ယူထားပါသည်။ ဘာကြောင့်ဆို အောင်လျှင်မချီးမွမ်းတတ်ပဲ
ကျမည်ဟုထင်လျှင်ခဏခဏမေးတတ်သော လူအချို့ဒီလောကတွင်ရှိတတ်လို့ပါ။
ကိုယ်ဆိုလဲ မနှစ်က ကျမှာသေချာသောစာမေးပွဲဖြစ်သဖြင့် ခဏခဏ အောင်စာရင်းအမေးခံရပါသည်။
ယခုနှစ်တော့ အောင်ရင်အောင်မှာလို့ ယူဆခံရသဖြင့် ခင်မင်ရင်းနှီးစစ်မှန်သော သူငယ်ချင်းများမှအပ
အမေးမခံရပါ။ တကယ်ဆိုဂျပန်စာ အတူသင်ခဲ့စဉ် သူက အတန်းထဲမှာအမြဲပထမ ကိုယ်က ပထမ ၁ကြိမ်ပဲရဖူးပါသည် များသောအားဖြင့် ၂၊ ၃၊၄ မှာသွားတန်းစီနေတတ်ပါသည်။
မောပေပြီ။ ဟင်းချက်ကာ ရေချိုးလိုက်ပေဦးမည်။
0 comments:
Post a Comment