မခိစံဟာရင်ထဲမှာနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်သူတစ်ဦးပါ
သူဟာကိုယ့်ဘ၀မှာပတ်သတ်မှုနက်ရှိုင်းပါတယ်
ကိုယ့်ဘ၀သက်တမ်းထဲမှာတကယ့်ကိုအမြဲအမှတ်ရစွဲထင်နေမဲ့သူပေါ့
အပြင်မှာသိပ်မဖော်ပြဖြစ်ရင်တောင် ရင်ထဲမှာလှိုက်လှိုက်လှဲလှဲနဲ့
နှလုံးသားတထောင့်ကနေ ကျေးဇူးတင်ချစ်ခင်နေပါတယ်။
အပြင်မှာကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးတွေနဲ့ဖော်ပြရင်တောင် မလုံလောက်လို့ပါ။
ဘလော့ဂ်မှာလဲရေးဖို့စိတ်ကူးမရခဲ့ပါဘူး။ ရေးလိုက်ရင်ပေါ့နေမှာစိုးလို့ပါ။
ဒီတခါဂျပန်ပြန်လာတော့အရင်ဆုံးတွေ့တာလဲသူပါပဲ။ စကားတွေအများကြီးပြောရင်းနဲ့
ခုတတိယတကြိမ်ဆုံတဲ့ သူဖိတ်လို့သွားဖြစ်တဲ့ဟင်းချက်ပွဲမှာ ရိုက်ဖြစ်သွားတဲ့ဓါတ်ပုံလေးကိုကြည့်ရင်းနဲ့
သူရဲ့ အပြစ်ကင်းစွာနဲ့ အဲလိုအမြဲရယ်မောတတ်တဲ့မျက်နှာလေးကိုကြည့်ရင်း
အမှတ်တရ သူ့အကြောင်းရေးချင်စိတ်ဖြစ်လာတာမို့။
ဂျပန်နဲ့ပတ်သတ်တဲ့ကိုယ့်အကြောင်းကိုဘယ်သူထက်မဆိုသိသူတစ်ဦးပေါ့။
ကိုယ့်ကိုလမ်းကြောင်းမှန်ပေါ်နင်းလျှောက်ရဲအောင် အားတွေပေး၊ သတ္တိတွေတိုးစေခဲ့သူပါ။
လယ်ဘယ်၂အောင်ပြီးဂျပန်ရောက်လာပေမဲ့ကွတီးကွတနဲ့ကိုယ့်ရဲ့ကြောင်တောင်တောင်စကားပြောတွေကို
ပြုပြင်ပေးပြီး၊ ဂျပန်ရဲ့အလေ့အထလေးတွေကိုသူပဲကိုယ့်ကိုအများကြီးသင်ပေးခဲ့တာပါ။
ရောက်ခါစအစစအရာရာနှမြောပြီးဘာမှသိပ်မ၀ယ်စားတဲ့ကိုယ့်ကို ဂျပန်အစားစာဆိုင်တွေခေါ်သွား
ပန်းပြပွဲလက်မှတ်တွေယူလာပြီးလိုက်ပို့နဲ့ အမှတ်ရစရာတွေများလှပါတယ်။
ကိုယ့်ထက်တနှစ်ပဲကြီးပေမဲ့ဘုဘမသိတဲ့ဂျပန်ပြည်မှာ သူ့ကိုအမကြီးလိုအားကိုးခဲ့ပြီး
ဖြူစင်သဘောကောင်းတဲ့သူ့ကို ညီမလေးလိုလဲချစ်ခင်ခဲ့တာပါ။
မိတ်ကောင်းဆွေကောင်းဆိုတာ ဘ၀မှာအင်မတန်အရေးကြီးတယ်လို့ယုံကြည်ပါတယ်
အထူးသဖြင့်အခက်ခဲကြုံချိန်မှာမှ ဘယ်သူဟာမိတ်ဆွေကောင်းဆိုတာ ပိုနားလည်လာတတ်ပြီး
တကယ့်ကိုအဖိုးမဖြတ်နိုင်လောက်တဲ့ ကံကြမ္မာရဲ့လက်ဆောင်မွန်ပါပဲ
2 comments:
ဓာတ်ပုံက မခိစံ နဲ့ ညီမဇာခြည်နဲ့လားဟင်။
ဟုတ် မရေ။ အနက်ပေါ့
လူကနဲနဲအိုစာလာသလိုပဲ
အဟားဟား
မကြာခင်ဆို ၃၀ထဲဝင်ပြီလေ
:D
Post a Comment